ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရေရရှိရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူရာတွင် အသုံးပြုသည့် (RWS - MIS) ဖြင့် ကွင်းဆင်းကောက်ယူလျက်ရှိ

ပုလော ၂၇ ဖေဖော်ဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများအား သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူရာတွင် အသုံးပြုသည့် Management Information System for Rular Water Supply (RWS – MIS) ဖြင့် အချက်အလက်များအား ကောက်ယူလျက်ရှိကြောင်း သိရသည်။

 

အဆိုပါအချက်အလက်များ စစ်တမ်းကောက်ယူရာတွင် ကျေးရွာ၏ အချက်အလက်များ၊ ရေပေးဝေမှု စနစ်များ၊ ရေပေးဝေရေးစနစ် စောင့်ကြည့်ခြင်းလုပ်ငန်းများပါဝင်ပြီး ကျေးရွာ၏တည်နေရာ၊ ကျေးရွာရှိ အိမ်ခြေစုစုပေါင်းအရေအတွက်၊ စုစုပေါင်းလူဦးရေ၊ ကျေးရွာရှိကျောင်းအရေအတွက်၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း အရေအတွက်၊ ကိုယ်ပိုင်အိမ်သုံးရေရရှိအောင် ပြုလုပ်ပြီး အသုံးပြုသည့်နည်းလမ်းများ၊ တစ်နှစ်ပတ်လုံးသောက်သုံးရေ ရရှိနိုင်သည့် စသည့်အချက်အလက်များကို မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းထွန်းနှင့် ဝန်ထမ်းများက အသေးစိတ် မြေပြင်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။

 

ထို့သို ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေရှိစေရန် ရေရှိရေးဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူခြင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှစတင်ကာ ယခုနှစ်မတ်လကုန်အထိ ကျေးရွာ (၅၀)ရွာတွင် စစ်တမ်းကောက်ယူသွားမည် ဖြစ်ကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

ထူးဝေယံ(ပုလော)