ပုလဲ အ.ထ.က ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ သတ္တမအကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပမည်

ပုလဲ ၂၇ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ အခြေခံပညာမူလတန်းကျောင်း၊ အစိုးရ အလယ်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းအဆင့်ဆင့် ကာလများတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး အသက်(၆၀)ပြည့် အငြိမ်းစားယူသွားသည့် ဆရာကြီး၊ ဆရာမကြီးတို့အား ဂါရဝတရား ဦးထိပ်ပန်လျက် ဒီဇင်ဘာ ၂၉ ရက်တွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏   သတ္တမ အကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပမည်ဖြစ်ကြောင်း အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

 

ပုလဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ သတ္တမ အကြိမ်မြောက် အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ဦးထွန်းက “ပုလဲ အ.ထ.ကကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် (၆၀)ပြည့် အငြိမ်းစားယူသွားတဲ့ ဆရာကြီး၊ ဆရာမကြီး ၁၀၈ ဦးအား ကျောင်းသား၊ ကျောင်းသူဟောင်းများက ဒီဇင်ဘာ ၂၉ ရက်၊ နံနက် ၉ နာရီမှာ အာစရိယ ပူဇော်ပွဲကျင်းပပြီး ကန်တော့ကြမှာ ဖြစ်ပါတယ်။အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီက ဆရာကြီး၊ ဆရာမကြီး တစ်ဦးလျှင် အသွား + အပြန် ခရီးစရိတ်အပါအဝင် ကန်တော့ငွေကျပ် ၁ သိန်းစီကိုလည်းကောင်း၊ ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှ ကျောင်းသား၊ ကျောင်းသူဟောင်းများက ဆရာကြီး၊ ဆရာမကြီး တစ်ဦးလျှင် ကန့်တောငွေကျပ် ၃၀ဝ၀ဝ စီနှင့် ဒီဇင်ဘာ ၂၈ ရက်တွင် ညစာဖြင့်လည်းကောင်း၊ ၁၉၉၉-၂၀ဝ၀ ပညာသင်နှစ်မှ ကျောင်းသား၊ ကျောင်းသူဟောင်းများက ဆရာကြီး၊ ဆရာမကြီးတစ်ဦးလျှင် ကန်တော့ငွေကျပ် ၂၀ဝ၀ဝ စီနှင့် ဒီဇင်ဘာ ၂၉ ရက်တွင် နံနက်စာ၊ နေ့လယ်စာဖြင့် လည်းကောင်း ကျွေးမွေးဧည့်ခံကြပြီး  ဒီဇင်ဘာ ၂၈ ရက်နေ့ ညပိုင်းနှင့် ၂၉ ရက် နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူဟောင်းများက နန္ဒာဝန်တီးဝိုင်းဖြင့် ဧည့်ခံဖျော်ဖြေမှာ ဖြစ်ပါတယ် ဟု ပြောသည်။

 

ပုလဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ သတ္တမအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင်  အဆိုပါကျောင်း၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် အသက်(၆၀)ပြည့် ပင်စင်စား ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများအနေဖြင့် ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တက်ရောက်ပေးစေလိုကြောင်းနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းလိုသော ရပ်ဝေး၊ ရပ်နီးမှ ကျောင်းသား၊ ကျောင်းသူဟောင်းများ အနေဖြင့်လည်း ဦးထွန်း ဖုန်း ဝ၉- ၄၀ဝ၅၂၇၆၃၂၊ ဦးအေးမင်းကိုကို ဖုန်း ဝ၉- ၄၀ဝ၄၀၃၃၇၅ နှင့် ဒေါ်ခင်အုန်းမြင့် ဖုန်းဝ၉-၅၂၅၂၅၃၁ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

 

မြင့်သိန်းစိုး(ပြန်/ဆက်)