ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်အကြိုရက်မှစတင်၍ ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်လျက်ရှိ

ညောင်ဦး ဧပြီ ၁၃

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလ ရုံးပိတ်ရက် သင်္ကြန်အကြိုရက်မှစတင်၍ ဟိုတယ်၊ မိုတယ် ၉၀ လုံး ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ရှိသူများထံက သိရသည်။

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှုများပြားလာခဲ့ကြောင်း သိရပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ များပြားနေပြီး ဘုရားများဖူးမြော်လျက်ရှိကြောင်း၊ ခရီးသွားဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူး‌မြော်နိုင်ရေး ပြည်တွင်းဧည့်လမ်းညွှန်များ၊ ဒေသခံများကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း မြန်မာပြည်အရပ်ရပ်မှ ခရီးသွား ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေး လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

 

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့် လာရောက်ကြခြင်း၊ ကိုယ်ပိုင်ကားများ၊ ခရီးသွားလုပ်ငန်းကားများဖြင့် လာရောက်ကြပြီး ခရီးသွား ဘုရားဖူးဧည့်သည် အဝင်များလျက်ရှိကာ အီးဗိုက်၊ မြင်းလှည်၊ တုတ်တုတ် (ခေါ်) မီနီအိုးဝေများ၊ တိုးကားများ အငှားလိုက်ရ၍ ဝင်ငွေကောင်းနေကြကြောင်း၊ စားသောက်ဆိုင်များလည်း ဘုရားဖူးများခြင်းကြောင့် ရောင်းအားကောင်းနေကြပြီး နေ့ချင်းပြန် ဘုရားဖူး ခရီးသွားများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် တည်းခိုနေထိုင်သူများဖြင့် ခရီးသွား တစ်သိန်းကျော် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

ဒီပါလင်း