မန္တလေး ၂၃  ဇွန်

 

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၌သာ တွေ့ရှိရပြီး ပုဂံရှေးဟောင်းဒေသတွင် ပေါက်ဖွားရှင်သန် နေထိုင်လျက်ရှိသည့် မြန်မာ့ဒေသရင်း ရှားပါး ငှက်မျိုးစိတ် ၇ မျိုးအား ဖမ်းဆီးသတ်ဖြတ်မှုများ မရှိစေရန် အသိပညာပေး လုပ်ငန်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောကြားသည်။

 

အဆိုပါငှက်မျိုးစိတ် ၇ မျိုးသည် မြန်မာနိုင်ငံရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၌သာ တစ်စုတစ်ဝေးတည်း ပေါက်ဖွားရှင်သန် ကျက်စားလျက်ရှိသည့် မြန်မာ့ဒေသရင်း ရှားပါးငှက်မျိုးစိတ်များဖြစ်ပြီး လက်ရှိကာလတွင် ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေကြသဖြင့် သက်ဆိုင်ရာဌာနများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ သတိပေးဆောင်ရွက်ခြင်းများနှင့် အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

 

“ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ ပုဂံဒေသကို ခရီးသွားဝင်ရောက်မှု နည်းပါးနေတဲ့အတွက် သားငှက်တိရစ္ဆာန်တွေ လာရောက်ကျက်စားမှု များပြားလာတယ်။ ဒီလိုအချိန်မှာ အပျော်သဘောမျိုးနဲ့ ဒါမှမဟုတ် အခြားရည်ရွယ်ချက်နဲ့ လိုက်လံဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်လာတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ဌာနက ဧပြီလကုန်လောက်ကစပြီး ပုဂံရှေးဟောင်းဒေသမှာ ငှက်တွေကို လိုက်ပြီး ပစ်ခတ်သတ်ဖြတ်တဲ့အဖွဲ့တွေကို ပူးပေါင်းအဖွဲ့နဲ့ လှည့်ကင်းလှည့်ပြီး ငှက်တွေကို မသတ်ဖြတ်ဖို့ ပညာပေးစည်းရုံးမှုတွေလုပ်တယ်။ အသိပညာပေး ဆိုင်းဘုတ်တွေကို စိုက်ထူပြီး သတိပေးမှုတွေ လုပ်နေတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ ဒီလို သတ်ဖြတ်မှုတွေ နည်းပါးသွားပါပြီ” ဟု ၎င်းက ပြောသည်။

 

mdn

 

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာ တွေ့နိုင်သည့် ဒေသရင်း ငှက်မျိုးစိတ် ၉ မျိုးရှိပြီး ၎င်းတို့အနက် ၇ မျိုးသည် ပုဂံ - ညောင်ဦးဒေသတွင် တွေ့ရပြီး ကျန်မျိုးစိတ်နှစ်မျိုးသည် နတ်မတောင်ဒေသတွင် တွေ့ရှိရကြောင်းနှင့် ပုဂံဒေသရှိ ရှားပါးငှက်မျိုးစိတ် ၇ မျိုးအား ပြည်တွင်းပြည်ပမှ ငှက်ဝါသနာရှင်များ၊ တန်ဖိုးထားလာရောက် လေ့လာနေကြသည့်အတွက် ၎င်းငှက်များအား ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုလုပ်ရန် ပုဂံမြို့ဟောင်းနှင့် မြို့တွင်း နေရာအနှံ့အပြားတွင် အသိပညာပေး ဆိုင်းဘုတ်များနှင့် ဗီနိုင်းများ စိုက်ထူချိတ်ဆွဲကာ အသိပေးထားကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးထက်ထွန်းအောင်က ပြောသည်။

 

“ပုဂံဒေသမှာ ကမ္ဘာမှာမတွေ့ရတဲ့ ငှက်မျိုးစိတ် ၇ မျိုးရှိတယ်။ ပုဂံခရီးသွားလုပ်ငန်းမှာ ငှက်တွေကို လာရောက်လေ့လာတဲ့ နိုင်ငံခြားသားတွေ သီးသန့်ရှိတယ်။ ကိုဗစ်-၁၉ ကာလမှာ ပုဂံဒေသမှာရှိတဲ့ မျိုးရင်းငှက်တွေက ခရီးသွားဝင်ရောက်မှုနည်းလာတဲ့ အတွက် ပိုပြီးထွက်လာကြတယ်။ အဲဒီအချိန်မှာ ကလေးတွေက လောက်လေးခွနဲ့ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိလာတယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့က ဧပြီ ၃၀ ရက်ကစပြီး ပုဂံမှာရှိတဲ့ သစ်တောဦးစီးဌာန သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ငှက်ပစ်တဲ့ကလေးတွေကို တွေ့ရင် အသိပညာပေးတယ်။ ပစ်တဲ့ လောက်လေးခွတွေကို သိမ်းတယ်။ အရေးယူတာတွေတော့ မလုပ်ပါဘူး။ သူတို့က အပျော်သဘောနဲ့ ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်ကြပေမယ့် ဒီငှက်တွေက ပုဂံဒေသ တစ်ခုတည်းမှာပဲ တွေ့မြင်နိုင်တဲ့ ရှားပါးငှက်မျိုးစိတ်တွေ ဖြစ်တဲ့အတွက် ဖမ်းဆီးသတ်ဖြတ်မှုတွေ မလုပ်ကြဖို့ ပြောဆိုစည်းရုံးမှုတွေ ဆောင်ရွက်တယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာတော့ ဖမ်းဆီးသတ်ဖြတ်မှုတွေ အတော်ကို နည်းပါးသွားပါပြီ” ဟု ၎င်းက ပြောသည်။

 

mdn

 

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၌သာ တွေ့ရှိရပြီး ပုဂံရှေးဟောင်းနယ်မြေတွင် ရှင်သန်နေထိုင်ကြသည့် မြန်မာ့ဒေသရင်း ဌာနေဖွား ရှားပါးငှက်မျိုးစိတ် ၇ မျိုးမှာ မြန်မာဘီလုံးငှက်၊ စွေ့ငှက်၊ ချိုးလင်းပြာငှက်၊ ငှက်မင်းသားဝမ်းဖြူ၊ ဘွတ်ချွဲငှက်၊ နဖားကြူးမြီးဝိုင်းငှက်နှင့် ငှက်လက်မမြီးရှည် စသည့် ငှက်မျိုးစိတ်တို့ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)