ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်များ၊ စီမံကိန်းများ ဆောင်ရွက်နေခြင်းသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အဟန့်အတားဖြစ်

ရန်ကုန် ၄ စက်တင်ဘာ

 

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဥပဒေအရ ကန့်သတ်တားမြစ်ထားသည့် နေရာများတွင် ဟိုတယ်များ၊ စီမံကိန်းများ ဆောင်ရွက်နေခြင်းသည် ပုဂံဒေသအား UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အဟန့်အတားဖြစ်နေကြောင်း မြန်မာနိုင်ငံရှေးဟောင်းသုတေသန ပညာအသင်းမှ အတွင်းရေးမှူး ဦးသူရအောင်က ပြောသည်။

 

“ယူနက်စကိုရဲ့ Management Plan မှာ ဒီအတိုင်း လုပ်ပါမယ်ပြောထားတယ်။ ဟိုတယ်တွေ ၂၀၂၈ မှာရပ်မယ်။ ဒီအတိုင်းလုပ်ပါမယ်ပြောပြီး ရပ်ပါမယ်ပြောပြီးတော့ တားမြစ်ရမယ့်စီမံကိန်းတွေကို အမွေအနှစ်ဇုန်အတွင်းမှာ ဆက်လုပ်နေသေးတယ်လို့ ပညာရှင်ကမြင်သွားရင် ဒါသည်ကောင်းမွန်စွာ စီမံခန့်ခွဲမှုမရှိသော ကာကွယ်ထိန်းသိမ်းမှုမရှိသော ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်တယ်လို့ယူဆပြီး မှတ်ချက်ပေးလိုက်ရင် ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် လွယ်လွယ်မသတ်မှတ်တော့ဘူး။ အဲဒီအတွက် ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပါဝင်ဖို့ သွေဖီသွားနိုင်တယ်” ဟု အတွင်းရေးမှူး ဦးသူရအောင်က ဆိုသည်။

 

၂၀၁၉ ခုနှစ်၌ အဇာဘိုင်ဂျန်နိုင်ငံတွင် ပြုလုပ်မည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံတွင် ပုဂံဒေသအား UNESCO ကမ္ဘာ့အမွေအနှစ်ဝင်ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ပညာအသင်းမှ သိရသည်။ 

 

"UNESCO ကိုဝင်လိုက်ရင် ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းတတ်တဲ့ နည်းပညာရပ်တွေ ပိုရလာမယ်၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းတတ်တဲ့ပညာရှင်တွေ လာရောက်ပြီး ကူညီထိန်းသိမ်းပေးလာမယ်၊ နိုင်ငံတကာကလည်း ဒီအပေါ်မှာ တန်ဖိုးထားပြီး တတ်နိုင်တဲ့နိုင်ငံတွေကနေ ငွေကြေးအကူအညီတွေ၊ နည်းပညာတွေ ပံ့ပိုးပေးလာမယ်။ ဒါတွေရချင်လို့ UNESCO ကို ဝင်တာပါ၊ ပြည့်စုံနေရင်တော့ UNESCO ဝင်ခြင်းမဝင်ခြင်းက အဓိကမဟုတ်ဘူး၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့ခိုင်မြဲခြင်းကသာ အဓိကပါ" ဟု မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောသည်။

 

ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီးစေရန်နှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် UNESCO က ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ကွန်ဗင်းရှင်း (World Heritage Convention) ကို ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် (UNESCO) အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ပထမဆုံးသတ်မှတ်ခံရကြောင်း သိရသည်။ 

 

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ်များ၊ စီမံကိန်းများ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပေါ် ပုဂံဒေသခံတစ်ဦးဖြစ်သူ ဦးနိုင်ထွန်းက "ပုဂံဒေသမှာ ဒေသခံတွေက ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေတဲ့အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့လည်း လိုအပ်တယ်၊ တစ်ဖက်မှာလည်း ယဉ်ကျေးမှုအမွေအနှစ်တွေ မပျောက်ပျက်ဖို့ လိုအပ်ပါတယ်၊ ယဉ်ကျေးမှုအမွေအနှစ်တွေရှိမှ သားစဉ်မြေးဆက် ဒီအမွေအနှစ်တွေရဲ့ အကျိုးကျေးဇူးကို ခံစားရမှာပါ၊ ဒေသခံတွေလက်မခံတာက အမွေအနှစ်ဇုန်ထဲမှာ ဟိုတယ်တွေ၊ ထပ်ပြီးတိုးချဲ့တာတွေ အသစ်ဆောက်လုပ်တာတွေကို လက်မခံပါဘူး" ဟု ပြောသည်။ 

 

သတင်း- မင်းသစ်(MNA)
ဓာတ်ပုံ- သန့်ဇင်မင်း