ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဌာပနာပေါက်ပွင့်နေသည့် ဘုရား ၃၃ ဆူအထိ ရှိလာ

ပုဂံ  ၁၁   ဇွန်

ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဌာပနာပေါက်ပွင့်နေသည့် ဘုရားပုထိုးပေါင်း ၃၃ ဆူ အထိရှိနေပြီဖြစ်ကြောင်း ဇွန် ၁၁ ရက်နေ့ ရှေးဟောင်းသုတေသနဦးစီးဌာန မှတ်တမ်းအရ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လုံခြုံရေး ကင်းလှည့်ဆောင်ရွက်နေသည့် ပုဂံညောင်ဦး ဧည့်လမ်းညွှန်များအသင်းမှ ဇွန် ၈ ရက်နေ့က ဘုရားငါးဆူ၏ ဌာပနာများ ဖောက်ထွင်းခံရ ကြောင်း စတင်တွေ့ရှိခဲ့ရာမှ ဆက်တိုက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယနေ့ဇွန်လ ၁၁ ရက်နေ့ အထိ ဌာပနာပေါက်ပွင့်နေသည့် ဘုရား ၃၃ ဆူတွေ့ရှိခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါဘုရားများအနက် ၁၀ ဆူမှာ ကာလအတန်ကြာကဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး ကျန်ဘုရား ၂၃ ဆူမှာ အလှူရှင်များ မှ ဘုရားပြန်လည်ပြုပြင်မွန်းမံစဉ်ကတည်းကပင် ဌာပနာထည့်သွင်းခဲ့ခြင်းနှင့် ပိတ်ခဲ့ခြင်းမရှိ ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောကြားသည်။

“ဇွန်လ ၈ ရက်နေ့က ဖောက်ထွင်းခံရကြောင်း တွေ့ရှိတဲ့ဘုရားတွေထဲက ဌာပနာပစ္စည်းအကြွင်း အကျန်တွေကိုတော့ သေချာမှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုတွေယူပြီးတော့မှ မူလဘုရားမှာပဲ ပြန်ပိတ် သွင်းခဲ့ပါတယ်၊ အဲဒီနောက်ပိုင်း ဌာပနာပစ္စည်းကျန်ရှိနေသေးကြောင်း ထပ်တွေ့တဲ့ ဘုရားလေးဆူ( ဘုရားအမှတ် ၂၀၈၂၊ ၂၀၇၉(င)၊ ၁၅၈၉(က)၊ ၁၆၀၆)က ဌာပနာပစ္စည်းများတွေ ကိုတော့ ပြန်လည်ပိတ်သွင်းခြင်းမလုပ်ရသေးပါဘူး၊ အထက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေ အားလုံးကို အသိပေးပြီးတော့မှ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့အတူ ဌာပနာပြန်လည်ပိတ် သွင်းခြင်းလုပ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်.

ပုဂံရှေးဟောင်းအမွေအနှစ်လုံခြုံရေးကို ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ နေ့ညမပြတ် ကင်းလှည့်စောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)