ပုဂံမြို့ရှိ လောကနန္ဒာဘုရားအနီး မြန်မာ့ရိုးရာအစားအစာပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀  သြဂုတ်  

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့ရိုးရာအစားအစာပြပွဲ ၂၀၁၈ ကို ပုဂံမြို့၊ လောကနန္ဒာဘုရားအနီးတွင် သြဂုတ် (၁၈) ရက်မှ (၁၉) ရက်အထိ ကျင်းပသည်။

 

 

အဆိုပါ ပြပွဲဖွင့်ပွဲ အခမ်းအနားကို သြဂုတ် (၁၉) ရက် နံနက် (၉) နာရီတွင် လောကနန္ဒာဘုရားအနီး ခန်းမဆောင်တွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံရုံးများမှ သံတမန်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဇုန် (၉) ဇုန်မှ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ရှမ်းတောင်၊ ကယား၊ မော်လမြိုင်၊ ထားဝယ်၊ ကရင်၊ ကျိုက်ထိုတို့နှင့် မြန်မာနိုင်ငံစားဖိုမှူးအသင်းတို့မှ ဒေသထွက်ရိုးရာ အစားအစာများအား ပြခန်း (၂၆) ခန်းတွင် ခင်းကျင်းပြသရောင်းချသည်။

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်သည်တော် များသည်  ခင်းကျင်းပြသထားသည့် ပြခန်းများတွင် ရိုးရာအစားအစာများ ချက်ပြုတ်ပြင် ဆင်ပြသနေမှုအား လေ့လာကြည့်ရှုခဲ့ကြပြီးနောက် လောကနန္ဒာဘုရားတွင် နှစ်စဉ်ကျင်းပ မြဲဖြစ်သော မြန်မာ့ရိုးရာလှေပြိုင်ပွဲကို အားပေးကြည့်ရှုခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်း၊ စလေမြို့၊ မန်းကျည်းကန်ရွာတွင် ခရီးသွားလုပ်ငန်းရှင်များ ပူးပေါင်းကူညီမှုဖြင့် ၂၀၁၆ ခုနှစ်က စတင်ခဲ့သော မန်းကျည်းကန်၊ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း CBT ဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေများကို ဒေသခံပြည်သူများနှင့် ထိတွေ့ဆွေးနွေးခဲ့ပြီး လာမည့်ခရီးသွားရာသီ၌ ပိုမိုဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက်  စေတနာအရင်းခံ၍ ဝန်ဆောင်မှုပေးကြရန်၊ ဈေးနှုန်းများ လျော်ကန်မှုရှိစေရန်၊ ကျေးရွာအတွင်း လှည့်ပတ်သွားလာ၍ လူနေမှု ဓလေ့များ လေ့လာရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်၊ ခရီးသွားဧည့်သည်များ ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အရံသင့် ထားရှိနိုင်ရန်တို့အပြင် ကျေးရွာအတွက် လျှပ်စစ်မီး ရရှိစေရေး ကြိုးပမ်း ဆောင်ရွက်ရန် မှာကြားသည်။ 

 

 

ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းအား စနစ် တကျ အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဒေသခံပြည်သူလူထုအတွက် အချိန်တိုတိုအတွင်း အကျိုးခံစားခွင့်ရရှိမည့် လုပ်ငန်းဖြစ်ကာ လက်ရှိအချိန်ထိ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခရီးစဉ်ဒေသ စုစုပေါင်း (၂၁) ခု သတ်မှတ်ဖော်ထုတ် ဆောင်ရွက်လျက်ရှိရာ လက်ရှိ ဆောင်ရွက် ပြီးစီးမှု ခရီးစဉ်ဒေသ (၁၅) ခု၊ ကျေးရွာပေါင်း (၃၈) ရွာတွင် လုပ်ငန်း ဆောင်ရွက်နေပြီး ဆက်လက်၍ နေရာ (၆) ခုအား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)