ပုဂံဒေသတစ်ခုလုံးရေရှည်အကျိုးစီးပွားလွှမ်းခြုံသက်ရောက်မှုရှိစေရေး၊ ရှေးဟောင်းအမွေအနှစ်ဒေသ ထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး ညှိနှိုင်းစည်းဝေး

နေပြည်တော်  ၆ သြဂုတ်

 

ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွား လွှမ်းခြုံသက်ရောက်မှုရှိစေရေး၊ ရှေးဟောင်းအမွေအနှစ်ဒေသ ထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လောကနတ် အစည်းအဝေးခန်းမ၌  ယနေ့ မွန်းလွဲ ၁ နာရီတွင်  ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှင်းလင်းပြောကြားရာ၌ ပုဂံဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွား လွှမ်းခြုံသက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်းအမွေအနှစ် ဒေသထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး တို့အတွက် အစည်းအဝေး တက်ရောက်လာသူများအားလုံးက  အကျေအလည် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသတစ်ခုလုံး ရေရှည်အကျိုးစီးပွားလွှမ်းခြုံ သက်ရောက်မှု ရှိစေရေး၊ ရှေးဟောင်းအမွေအနှစ် ဒေသထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို လျာထားပါကြောင်း၊ ယခုအခါတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်ရေးအတွက် UNESCO သို့ Nomination Dossier စာတွဲတင်ပြပြီးဖြစ်ကြောင်း၊ UNESCO ၏ မူဘောင်အရ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း အချို့သော ကိစ္စရပ်များနှင့် ပတ်သက်၍ ကန့်သတ်မှုများ ရှိသော်လည်း အဘက်ဘက်က အဆင်ပြေနိုင်မည့် အစီအမံများကို စီစဉ်ထားပါကြောင်းနှင့် အားလုံးမင်္ဂလာရှိသော အဖြေများထွက်ပေါ်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် အစည်းအဝေး တက်ရောက် လာသူများက ပုဂံဒေသတစ်ခုလုံးရေရှည် အကျိုးစီးပွားလွှမ်းခြုံသက်ရောက်မှုရှိရေး၊ ရှေးဟောင်းအမွေအနှစ်ဒေသ ထိခိုက်မှုမရှိစေရေးနှင့် ဟိုတယ်လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေးတို့နှင့် ပတ်သက်၍ ကျေလည်စွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)