ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ပထမအကြိမ်မြောက် အစည်းအဝေး ကျင်းပ

ပုဂံ  ၁၁ ဇွန်

 

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အဆိုပြု စာတွဲ တင်သွင်းထားပြီးဖြစ်၍ ကျွမ်းကျင်ပညာရှင်များ မကြာမီလာရောက် စစ်ဆေးမည်ဖြစ်ရာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်း ဆွေးနွေးရန်၊ ရေးဆွဲထားသည့် ရေရှည်ကာကွယ် ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များကို ဆက်စပ်ဌာနများ၊ ဒေသခံများ ပူးပေါင်းဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ညီညီညွတ်ညွတ်ဖြင့် တာဝန်ခွဲဝေ စီမံခန့်ခွဲသွားနိုင်ရန် ဆွေးနွေးညှိနှိုင်းကြသည့် “ပုဂံဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Bagan Com) ၏ ပထမအကြိမ် အစည်းအဝေး” ကို ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ဇွန် ၁၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယခုအစည်းအဝေးသည် ပုဂံဒေသ အမျိုးသားအဆင့် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ BAGAN COM ၏ ပထမအကြိမ် အစည်းအဝေး ဖြစ်ပါကြောင်း၊ BAGAN COM တွင် ပါဝင်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်စပ်ဌာနများ၏ လုပ်ငန်းတာဝန်များ ရှင်းပြရန်၊ တာဝန်ခွဲဝေ၍ ပူးပေါင်းဆောင်ရွက်ရန်၊ ဒေသဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းပြီးအဆိုပါ အဖွဲ့အသီးသီး၏ လုပ်ငန်းတာဝန်များကို ညှိနှိုင်းဆွေးနွေး အတည်ပြုရန်၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ပုဂံဒေသကို ကျွမ်းကျင်ပညာရှင်အဖွဲ့ လာရောက် စစ်ဆေးခြင်းမပြုမီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့် လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးရန်နှင့် ဆက်စပ်ဌာနများ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများ၊ ပုဂံဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အတည်ပြုရန် ကိစ္စများကို ပူးပေါင်း ဆွေးနွေးညှိနှိုင်း အဖြေရှာရင်း ပုဂံဒေသကို အနာဂတ်တွင် စနစ်တကျ စီမံခန့်ခွဲသွားနိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် အစည်းအဝေး ဖြစ်ပါကြောင်း ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပုဂံဒေသသည် အညာဒေသ၏ ပြယုဂ်တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့တော်များအနက် ပုဂံဒေသသည် ထိပ်ဆုံးမှလေ့လာသင့်သည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သကဲ့သို့ ပုဂံဒေသတွင် နေထိုင်သည့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မေ့ထား၍ မရပါကြောင်း၊ ဟန်ချက်ညီညီ စဉ်းစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပုဂံဒေသ စည်ပင်ဖွံ့ဖြိုးတိုးတက်သည်ကို မြင်တွေ့လိုပါကြောင်း၊ ပုဂံဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကိုလည်း စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သင့်သည်မှာ ကြာပြီဖြစ်ပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရေး အားပေးသဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသည့် ယဉ်ကျေးမှု အမွေအနှစ်များထဲမှ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာစသည့် ပျူမြို့ဟောင်း (၃) မြို့သည် (၂၀၁၄) ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုပျူမြို့ဟောင်းများ အနက် ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်းဒေသကြီးအတွင်းတွင် ပါဝင်နေသည့်အတွက်လည်း ဂုဏ်ယူမိပါကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် မန္တလေးတိုင်းဒေသကြီး အတွင်းတွင် အဓိကပါဝင်လျက် ရှိသည်ကိုလည်း အများသိပြီး ဖြစ်ပါကြောင်း၊ ယခုပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းသည့် အခါတွင် ပုဂံမြို့ တစ်ဖက်ကမ်းတွင် ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်းက စွယ်တော်လေးဆူ အပါအဝင်ဖြစ်သည့် တန့်ကြည့်တောင် စေတီတော်မြတ်နှင့် ပတ်ဝန်းကျင် ဒေသအချို့ ပါဝင်လျက် ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပါဝင်ဆောင်ရွက်ခွင့် ရသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် တင်သွင်းရာတွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ အမွေအနှစ်ဇုန် အတွင်းနှင့်ကြားခံဇုန် အတွင်းတွင် မိမိတို့ကလည်း ဥပဒေ၊ စည်းကမ်းများနှင့်အညီ ပုဂံဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Bagan Com) အဖွဲ့ကြီးနှင့် သက်ဆိုင်ရာ အဖွဲ့စည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက မိမိတို့ဌာနများနှင့် သက်ဆိုင်သော စီမံခန့်ခွဲမှု လုပ်ငန်းများကိုလည်းကောင်း၊ အထွေထွေ လိုအပ်ချက်များကို လည်းကောင်း ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးတွင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးနှင့် BAGAN COM ၏ လုပ်ငန်းတာဝန်များကို ညှိနှိုင်းဆွေးနွေးပူးပေါင်း ဆောင်ရွက်ရေး၊ ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများကို ဖွဲ့စည်းပြီး အဆိုပါအဖွဲ့အသီးသီး၏ လုပ်ငန်း တာဝန်များကို ဆွေးနွေးသတ်မှတ် တာဝန်ခွဲပေးရေး၊ ဒေသတွင်းနေ ပြည်သူလူထု လူနေမှုဘဝ မြှင့်တင်ရေး၊ စားဝတ်နေရေးများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ရေရှည်တည်တံ့ ခိုင်မြဲစေရန် ထိန်းသိမ်းရေးတို့ကို သဟဇာတ ဖြစ်စေရေးအတွက် စီမံဆောင်ရွက်ရေးများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။

 

(သတင်းစဉ်)