ပုဂ္ဂလိက အဖွဲ့အစည်းတွေကို ဥပဒေမူကြမ်းတွေ ရေးဆွဲတဲ့အခါ ပိုမိုပါဝင်ခွင့် ပေးတာမျိုးတွေ လုပ်ခြင်းအားဖြင့် ဥပဒေတွေ အကောင်အထည်ဖော် ကျင့်သုံးတဲ့အခါ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်လာမှာပါ

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

ပုဂ္ဂလိက အဖွဲ့အစည်းတွေကို ဥပဒေမူကြမ်းတွေ ရေးဆွဲတဲ့အခါ ပိုမိုပါဝင်ခွင့် ပေးတာမျိုးတွေ လုပ်သင့်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ဥပဒေတွေ အကောင်အထည်ဖော် ကျင့်သုံးတဲ့အခါ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်လာမှာ ဖြစ်ပါတယ်လို့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှု ရှိစေရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော Australia Chamber in Myanmar based in Yangon မှ Chief Executive Officer Ms Jodi Weedon အား တွေ့ဆုံမေးမြန်းစဉ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဆက်လက်ပြီး ၎င်းက “မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် သိပ်ကိုကြီးမားတဲ့ အရေးပါတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မကြာမီကမှ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလဲတာရယ်၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာ ပြောင်းလဲနေတာ တွေကြောင့်သာ အခု အောင်မြင်မှုတွေလို့ ပြောနိုင်ပါတယ်။ အခုလို စားပွဲဝိုင်း ဆွေးနွေးပွဲမှာ နောက်ခံ အမျိုးမျိုးရှိတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်ကြားမှာ တွေ့ဆုံရတာ အင်မတန်မှ အဓိပ္ပာယ်ရှိပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်ကို ပြောရမယ်ဆိုရင် ပုဂ္ဂလိက အဖွဲ့တွေအတွက် ဒီဆွေးနွေးပွဲဟာ အထူးသင့်လျော်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂလိက အဖွဲ့တွေ အနေနဲ့ ကိုယ့်အဖွဲ့တွေက ဘာတွေလုပ်နိုင်တယ်၊ ဘယ်လောက် တန်ဖိုးရှိတဲ့ အလုပ်တွေ လုပ်နိုင်တယ် ဆိုတာကို ပြသနိုင်သလို အောင်မြင်မှုတွေ ရရှိနေတာကို ပြနိုင်လို့ပါ။ ဒါ့အပြင် ပုဂ္ဂလိက အဖွဲ့တွေကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးမှာ အထူးအရေးပါတဲ့ အဖွဲ့တွေ ဖြစ်တယ်ဆိုတာ ပြသနိုင်တဲ့ အတွက်ပါပဲ” ဟု ပြောကြားသည်။

 

ဆွေးနွေးပွဲနှင့် ပတ်သက်လို့ Ms Jodi Weedon က “ကျွန်မအမြင်ကို ပြောရမယ်ဆိုရင် စီးပွားရေး လုပ်ငန်းတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ကလည်း အဓိက ပြုလုပ်ရမယ့် အချက်ပါ။ ဒါပေမယ့် တခြား လူတိုင်းကတော့ တိုင်းပြည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပဲ အဓိကအချက် အနေနဲ့ တွေးကြပါတယ်။ ဒီနိုင်ငံမှာ ဆက်လက်လုပ်ကိုင်ဖို့ လိုနေတဲ့ နေရာတွေကတော့ ဥပဒေမူကြမ်းတွေ ပြင်ဆင်မယ်။ ပြီးခဲ့တဲ့ ၂၄ လအတွင်းမှာ ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ ထွက်ပေါ်လာတယ် ဆိုတာက အဖိုးမဖြတ်နိုင်တဲ့ အချက်ဆိုတာ ကျွန်မ သိထားပါတယ်။ ဒါပေမယ့် ပုဂ္ဂလိက အဖွဲ့အစည်းတွေကို ဥပဒေမူကြမ်းတွေ ရေးဆွဲတဲ့အခါ ပိုမိုပါဝင်ခွင့် ပေးတာမျိုးတွေ လုပ်သင့်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ဥပဒေတွေ အကောင်အထည်ဖော် ကျင့်သုံးတဲ့အခါ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်လာမှာ ဖြစ်ပါတယ်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အကူပြု ဥပဒေ (DAP Development Assistance Policy)နဲ့ ပတ်သက်ပြီး သိပ်ပြီး အလေးထားတာကို တွေ့ရသလို ဖွံ့ဖြိုးမှုဆိုင်ရာ အထောက်အကူပြု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (DACU - Development Assistance Coordination Unit) ကိုလည်း လုပ်ငန်းတွေ အောင်မြင်အောင် အကောင်အထည် ဖော်ဖို့အတွက် သူ့ရဲ့ပါဝင်မှုဟာ အရေးကြီးပါတယ် ဆိုတာကိုလည်း ဒီနေ့ ဆွေးနွေးပွဲကနေ တွေ့ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။

 

MDN