PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲကျင်းပမည်

ရန်ကုန်  ၃၁  ဇူလိုင် 

 

မြန်မာ့လူငယ် Esports ကစားသမားများကို PUBG MOBILE ၏ အရှေ့တောင်အာရှဒေသအတွင်းတွင် အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခု ဖြစ်သည့် PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးအထိ သွားရောက်ယှဉ်ပြိုင်နိုင်ရန် အတွက်ပြည်တွင်းပြိုင်ပွဲ PUBG MOBILE Myanmar Championship 2020 Season 2 ကို ဩဂုတ် ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 


  
PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲအတွက် Online Registration ကို ဇူလိုင် ၃၁ ရက်တွင် စတင်ဖွင့်လှစ်ထားပြီး စိတ်ပါဝင်စားသည့် မည်သူမဆို သြဂုတ် ၁၁ ရက်အထိ စာရင်းပေးသွင်းနိုင်၍ ပါဝင်ယှဉ်ပြိုင်နိုင်ကာ အသင်းပေါင်း ၁၂၀၀ အထိ လက်ခံသွားမည်ဖြစ်သည်။ အဆိုပါ အသင်းပေါင်း ၁၂၀၀ ကို အဖွဲ့ပေါင်း ၆၀ ဖြင့် ဖွဲ့စည်းကာ Online Qualifier အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယင်း Online Qualifier များကို သြဂုတ် ၁၅ ရက်မှ သြဂုတ် ၃၀ ရက်အထိ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။   

 

အဆိုပါ Online Qualifier မှ အမှတ်အများဆုံး အသင်း ၁၆ သင်းသည် PUBG MOBILE Myanmar Championship 2020 Season 2 Finals သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ပထမအပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆုကြေးငွေ ကျပ်သိန်း ၅၀၀ ချီးမြှင့်သွားမည် ဖြစ်သည်။  PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲမှ ထိပ်ဆုံး အသင်း (၄) သင်းသည် PMCO SEA Wildcard Finals အဆင့်ကို တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။


 
PUBG MOBILE အနေဖြင့် PMPL (PUBG MOBILE Pro League) SEA Finals ကို တစ်နှစ်လျှင် (၂) ကြိမ် နွေဦးနှင့် ဆောင်းဦးရာသီတို့တွင် စီစဉ်ကျင်းပလေ့ရှိပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အရှေ့တီမော၊ ဘရူနိုင်း၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံများမှ ထိပ်တန်းကစားသမား၊ အသင်းများ ယှဉ်ပြိုင်ကြသည့် ဂိမ်းပွဲကြီးတစ်ခုဖြစ်သည်။ 

 

PMCO SEA Wildcard Finals အဆင့်သည် ကိုယ်ပိုင် League မရှိသော မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ အရှေ့ တီမောနှင့် ကမ္ဘောဒီးယား အစရှိသော အရှေ့တောင်အာရှနိုင်ငံများ Online တွင် အချင်းချင်း ယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်သည်။ PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲမှ အနိုင်ရရှိသော မြန်မာအသင်း ၄ သင်းနှင့် လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမော နိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း စုစုပေါင်း အသင်း ၁၆ သင်းတို့သည် PMCO SEA Wildcard Finals အဆင့်တွင် အွန်လိုင်းမှတစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါအဆင့်တွင် ထိပ်ဆုံး ရပ်တည် နိုင်သော အသင်း (၃) သင်းကသာ ကိုယ်ပိုင် League ရှိသောနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံမှ အသင်းများနှင့်အတူ PMPL (PUBG MOBILE Pro League) SEA Finals သို့ တက်လှမ်း ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

အာကာစိုး