ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် အသံဆူညံမှုပြဿနာ

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများထဲမှာ အသံ ဆူညံမှုလည်း ပါသည်။ အထူးသဖြင့် လူဦးရေထူထပ်သိပ်သည်းသော မြို့ ကြီးပြကြီးများတွင် နားမခံသာမှုက သာမန်မျှ မဟုတ်တော့။ ဖြေရှင်းဖို့ အရေးတကြီးလိုအပ်နေသည့် ပြဿနာကြီး ဖြစ်နေပါပြီ။

လမ်းမများထက်က မော်တော်ကားဟွန်းသံများ၊ ဆူညံပွက်လော ရိုက်နေသော အသံချဲ့စက်သံများက မိုးထိညံနေသည်။ ပြည်သူလူထု၏ ဝေဖန်ပြစ်တင်မှုများကြားကပင် ထိုထိုဤသော အသံချဲ့စက်သံတို့က ကြောက်ခမန်းလိလိ။

အသံချဲ့စက်သံတို့ကလည်း အသံထိန်းခလုတ်ကို အမြင့်ဆုံးအဆင့်ထိ မြှင့်ထား၏။ ရပ်ကွက်တိုင်းမှာလိုလိုလည်း ရှိ၏။ ရာသီချိန်များဆိုလျှင် မော်တော်ကားကြီးများပေါ်ကို လော်စပီကာ အကြီးကြီးများကို မဆံ့ ရင်ကာတင်၍ တစ်မြို့လုံးလှည့်ကာ မြို့သူမြို့သားတို့၏ နားမှန်သမျှကို နှိပ်စက်တော့သည်။

မည်သူမျှ နားထောင်ခံစားရန် မဖြစ်နိုင်လောက်အောင် ကျယ်လောင် သော သီချင်းသံများ၊ တရားဘာဝနာပွားကာ ကုသိုလ်ယူနိုင်မည့် အသံထက်ကျော်လွန်နေသော ပဋ္ဌာန်းသံတရားသံများ၊ အရပ်တီးဝိုင်းဖြင့် ရှိသမျှ တူရိယာပစ္စည်းအစုံကို ကျယ်နိုင်သမျှ ကျယ်အောင် အင်နှင့်အားနှင့် တီးခတ်သံများကို မီအောင် ကျော်အောင် ဆိုကြသည့် ဝါသနာရှင် သီချင်း သည်တို့၏ သီချင်းသံများ အစရှိသည်တို့က မြို့ပေါ်သို့ လျှံကျဖိတ်ယိုစီးဆင်း ဆူညံနေ၏။

ယင်းနှင့် ပတ်သက်၍ ပါမောက္ခချုပ် ဆရာတော်ကြီး အရှင် နန ́မာလာဘိဝံသ၏ မိန့်ဆိုမှုကို ကိုးကားပြောဆိုရလျှင် “...အသံမဆူရရင် မကျေနပ်တာလားမသိ၊ ဘာပွဲလေးရှိရှိ အသံချဲ့စက်ကပါမှ။ တကယ်ရော နှစ်သက်မြတ်နိုးဖို့ကောင်းရဲ့လား။ ...ဘုန်းကြီးတို့ကျောင်းမှာ ပွဲရှိရင် ဘာမှမဖွင့်ရဘူး။ ဘာအသံချဲ့စက်မှ မဖွင့်ရဘူး။ တရားလည်း မဖွင့်နဲ့။ တရားကိုဖွင့်ထားရင်လည်း လူတွေက တရားနာတာလည်း မဟုတ်ဘူးလေ၊ စကားပြောနေကြတာ။ ..ပဋ္ဌာန်းပွဲတွေ ရွတ်ကြတယ်၊ ပဋ္ဌာန်းနာသူ တစ်ယောက်မှမရှိ။ အဲဒါကို မညှာမတာဝေဖန်ကြည့်စမ်းပါဆိုရင် အဓိပ္ပာယ် မရှိဘူး၊ တကယ် အဓိပ္ပာယ်မရှိရုံတင်မကဘူး၊ ဘုရားအကြိုက်နဲ့ ဆန့်ကျင် နေတယ်။ တိတ်ဆိတ်ငြိမ်သက်မှုသာ မြတ်စွာဘုရားရဲ့ အကြိုက်ပဲဖြစ်တယ်” ဟူ၏။

လောကီအတွက်ရော လောကုတ္တရာအရပါ ဆူညံမှုဟူသည်က သင့်လျော်မှုမရှိ။ သို့သော်လည်း ယနေ့အခါမှာ လောကီပွဲ လောကုတ္တရာပွဲ မည်သည့်နေရာမှာမဆို အသံချဲ့စက်က ဦးအောင်နေရာယူထားပြီး ဖြစ်နေသည်။ ဆူညံလိုက်သည်မှ ရပ်ကွက်တစ်ခုလုံးရော မြို့နယ်တစ်ခွင်ပါ နားမခံသာ။

ဒီမိုကရေစီခေတ်တွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးတို့ ရှိသည်။ သို့သော်လည်း မိမိ၏အခွင့်အရေးကို ရယူပိုင်ခွင့်ရှိသလို မိမိကိုယ်တိုင်ကလည်း သူတစ်ပါး၏ အခွင့်အရေးကိုလည်း လေးစားမှု ရှိရန်လို၏။ မိမိကြောင့် သူတစ်ထူးကို မည်သို့သော အနှောင့်အယှက်မျိုးမှ မဖြစ်စေရဟူသည်က ဒီမိုကရေစီအလေ့အကျင့်၏ စံပြုစရာကိစ္စလည်း ဖြစ်၏။

ဒီမိုကရေစီဆိုဆို၊ လူ့အခွင့်အရေးဆိုဆို သူတစ်ပါးကို အနှောင့်အယှက် မဖြစ်စေရေး၊ ထိခိုက်နစ်နာမှုမရှိစေရေးတို့ကို စောင့်ထိန်းသည်က လူ့ကျင့်ဝတ်၊ လူ့ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်ပါ၏။

ထို့ထက်ပို၍ဆိုရပါမူ အသံဆူညံမှုဆိုင်ရာ အသံချဲ့စက်ဆိုင်ရာတို့နှင့် ပတ်သက်လျှင် ဥပဒေလည်းရှိ၏။ အသံချဲ့စက်ဥပဒေဟူ၍ ရှိသည် ဖြစ်ပါ၏။ ယနေ့မြန်မာနိုင်ငံက ဥပဒေမည်သို့ပင် ရှိသည်ဖြစ်သော်လည်း ဥပဒေ မစိုးမိုးမှုတို့က ဖြစ်လေ့ရှိနေသည့်အခါ ဆူညံမှု၊ နားမခံသာမှုတို့ကို လူထုက သည်းခံနေရလေသည်။

အချုပ်ကိုဆိုရပါမူ ဆူညံမှုပြဿနာက ပတ်ဝန်းကျင်ညစ်ညမ်းမှု အနေဖြင့်ရော၊ လူမှုကျင့်ဝတ်အနေဖြင့်ရော၊ မြန်မာ့ရိုးရာဗုဒ ̈ဘာသာ ထုံးတမ်းအစဉ်အလာ ဓလေ့အရရော၊ ဥပဒေစည်းမျဉ်းများအနေဖြင့်ပါ စနစ်တကျ အလေ့အကျင့်ပြုကျင့်ကြရင်း သတိပြုစောင့်ထိန်းရန် လိုအပ် မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ မြန်မာ့အလင်း