ပါတေးအတွက် တော်ရဲရားကို အငှားချခဲ့သည့် အာဆင်နယ်

၆  အောက်တိုဘာ

အာဆင်နယ်အသင်းဟာ အက်သလက်တီကို ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးကို ပေါင် ၄၅ သန်းနဲ့ လေးနှစ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပေမယ့် သူတို့အသင်းရဲ့ ကစားသမား လူကပ်စ်တော်ရဲရားကို အက်သလက်တီကို အသင်းဆီ တစ်နှစ်ပြန်လည် အငှားချမယ်ဆိုတဲ့ သဘောတူညီမှု ပြုခဲ့ရပါတယ်။

 

အာဆင်နယ်က ပါတေးကိုရဖို့ အချိန်အတော်ကြာ ကြိုးပမ်းခဲ့ရတာဖြစ်ပြီး အက်သလက်ဘက်ကလည်း ဒီကစားသမားကို လက်မလွတ်ချင်ခဲ့တဲ့ အတွက်   ယခုအချိန်ကျမှသာ အပြီးသတ်ခေါ်ယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်က ပါတေးကို ရဖို့အတွက် တော်ရဲရားကို တစ်နှစ် ပြန်လည်အငှား ချခဲ့ရပါတယ်။ တော်ရဲရားဟာ ၂၀၁၈ ခုနှစ် ဆမ်ဒိုးရီးယားကနေ  အာဆင်နယ်ကို ရောက်ရှိလာချိန်ကစပြီး  အာဆင်နယ်အတွက်  ၈၉ ပွဲ ဝင်ရောက်ကစားပေးထားသူပါ။ 

 

ပါတေးက အာဆင်နယ်မှာ ကျောနံပါတ် (၁၈) ဝတ်ဆင်ကစားမှာဖြစ်ပြီး  လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ တွေမှာ ကစားခဲ့တဲ့ ပါတေးရဲ့ ရင့်ကျက်တဲ့ အတွေ့ကြုံကောင်းတွေက  အာဆင်နယ်ကို အထောက်အပံ့ ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း  အာဆင်နယ်ဝက်ဆိုဒ်က ရေးသားဖော်ပြပါတယ်။

မေလဲ့သင်း