ပထမဆုံးသော ဒီဂျစ်တယ်မြေပုံပြိုင်ပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

၁   မတ်

 

ရန်ကုန်မြေပုံ 2018 Yangon Map Challenge  ဒီဂျစ်တယ် မြေပုံပေါ်တွင် ထည့်သွင်းရန် ကျန်ရှိနေသည့် ရန်ကုန်မြို့နေရာများကို ရေးဆွဲသည့် ပြိုင်ပွဲအား ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် ငွေကျပ်ဆယ်သိန်း ရရှိမည်ဖြစ်ပြီး မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရှိရသည်။

 

ယင်းပြိုင်ပွဲကို နည်းပညာအသုံးပြု၍ မြန်မာနိုင်ငံတစ်ဝန်း ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဖန်တီးရာမြန်မာမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲအတွင်း မြေပုံပေါ်တွင် ရေးဆွဲထားခြင်းမရှိသေးသော ရန်ကုန်မြို့၏ နေရာ အများအပြားကို OpenStreetMap ဟုခေါ်သော လူတိုင်းလွယ်ကူစွာ ပါဝင်ရေးဆွဲနိုင်သည့် online မြေပုံ platform ပေါ်တွင် ရေးဆွဲကြမည်ဖြစ်ပြီး ရန်ကုန်မြို့၏ဒေသခံများ၊ လာရောက်လည်ပတ်သူများက မြို့တော်ရှိ လမ်းမကြီးများ၊ လမ်းများ၊ လမ်းကြိုလမ်းကြားများထဲမှ မိမိသွားရောက်လိုသည့် နေရာကို လွယ်ကူစွာ ရှာဖွေနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ဖန်တီးရာမြန်မာမှ သိရှိရသည်။

 

ဖန်တီးရာ၏ စီအီးအိုဖြစ်သူ မစ္စတာ ဂျက်စ်ကယ်လီဘီ ပီတာဆန်က “မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်နည်းပညာ အသုံးပြုပြီး မြေပုံထဲထည့်သွင်းထားခြင်း မရှိသေးတဲ့နေရာတွေ အများကြီး ရှိပါသေးတယ်၊ မြန်မာပြည်သူပြည်သားတွေအားလုံး အရည်အသွေး ကောင်းမွန်တိကျတဲ့ မြေပုံအချက်အလက်တွေ ရယူသုံးဆွဲသွားနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်၊ အခု ဖန်တီးရာ Map Challenge မှာ ရန်ကုန်မြို့သူမြို့သားတွေအားလုံး နေရာတော်တော်များများမှာ အရည်အသွေးပြည့်မီတဲ့ ဒီဂျစ်တယ်မြေပုံ အသုံးပြုခွင့်ရရှိနိုင်ကြစေဖို့ ရည်ရွယ်ပါတယ်၊ နောက်ပြီးတော့လည်း အခုပွဲမှာ မြန်မာနိုင်ငံထဲက မြေပုံအချက် အလက်တွေ တိုးတက်တာကို လိုလိုချင်ချင်ရှိကြတဲ့ အသိုင်းအဝိုင်းတစ်ခုကို မြင်တွေ့ရတဲ့အတွက်လည်း အင်မတန်မှ စိတ်လှုပ်ရှားမိပါတယ်”ဟု ပြောသည်။

 

ပြိုင်ပွဲဝင်များသည် တစ်ဦးချင်းလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အဖွဲ့လိုက်အနေဖြင့်လည်း စာရင်းပေးထားကြကြောင်း သိရသည်။ အဖွဲ့များသည် အင်တာနက်ချိတ်ဆက်ထားသော laptop များ ၊ ဖုန်းများဖြင့် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းများကို အသုံးပြုကာ OpenStreetMap ပေါ်တွင် လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းကြမည်ဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါအချက်အလက်များကို လိုအပ်သူ မည်သူမဆို လွတ်လပ်စွာ သုံးစွဲနိုင်မည်ဖြစ်သည်။

 

“ပြိုင်ပွဲဝင်များ လွယ်ကူစွာသွားလာနိုင်စေရေးအတွက် Grab မှလည်း ပြိုင်ပွဲဝင်ကာလအတွင်း ငွေကျပ် ၁၅၀ဝ တန်ဖိုးရှိသည့် စီးနင်းခွင့်လက်မှတ် ၁၀ ခုကို ပေးအပ်သွားမည်ဖြစ်ပြီး Yangon Map Challenge က ပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲကြီးတစ်ခု ဖြစ်လာမှာပါ၊ ဒီထက်ပိုပြီး အရေးကြီးတာက ရန်ကုန်မြို့ကမြေပုံနဲ့ နည်းပညာကို စိတ်ပါဝင်စားကြတဲ့ အသိုက်အဝန်းတစ်ခုလုံးကို တွေ့ရတာပါပဲ၊ ပူးပေါင်းပါဝင်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ OneMap နဲ့ Grab တို့နဲ့အတူတူ မျှော်လင့်မိတာကတော့ မြန်မာနိုင်ငံက နိုင်ငံသူနိုင်ငံသားအားလုံးကို မိမိတို့ရဲ့နီးစပ်ရာ နေရာဒေသတွေကို မြေပုံထဲ ပါဝင်အောင်ရေးဆွဲလာဖို့ ဒီပွဲကနေတစ်ဆင့် အားပေးလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ဖန်တီးရာ၏ စီအီးအိုက ပြောကြားသည်။

 

ပြိုင်ပွဲဝင်များသည် ဖေဖော်ဝါရီ ၂၅ရက်မှ မတ် ၃ ရက် နံနက် ၉ နာရီနောက်ဆုံးထားကာ တစ်ပတ်အတွင်း သတ်မှတ်ထားသော မြို့နယ်များတွင် မြေပုံအချက်အလက်များကို သွားရောက်ရေးဆွဲကြမည်ဖြစ်ပြီး အတည်ပြုပြီး မြေပုံအချက်အလက်များ အများဆုံး ထည့်သွင်းနိုင်သောအဖွဲ့က အနိုင်ရရှိမည် ဖြစ်ပါသည်။ အနိုင်ရရှိသောအဖွဲ့ကို ၂၀၁၈ ခုနှစ် မတ် ၃ ရက်တွင် ဆုကြေးငွေကျပ် ဆယ်သိန်းကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ဖန်တီးရာသည် နည်းပညာကို အသုံးပြု၍ မြန်မာနိုင်ငံအတွင်း တိုးတက်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်ပေးသည့် နေရာတစ်ခုဖြစ်ပြီး ပြည်တွင်းရှိ နည်းပညာ စွန့်ဦးတီထွင်သူများအပေါ် ရင်းနှီးမြှုပ်နှံပေးခြင်း၊ သင်ကြားပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

ခင်ရတနာ