ပထမဆုံးအကြိမ် တရုတ်အစားအစာပွဲတော် ကျင်းပ

ရန်ကုန် ၂  ဖေဖော်ဝါရီ 

 

တရုတ်-မြန်မာနှစ်နိုင်ငံအကြား ပြည်သူများ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန်အတွက် ရည်ရွယ်ကာ အာဆီယံ - တရုတ်ဗဟိုဌာနနှင့် ပေကျင်းပြည်သူ့ နိုင်ငံတကာချစ်ကြည်ရေးနှင့် ဆက်ဆံရေးအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတို့ ပူးပေါင်းကာ ပထမအကြိမ် တရုတ်အစားအစာပွဲတော် (Spring Line  First China  Gourmet Festival) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပတ်ခ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပသည်။

 

 

"ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အာဆီယံ + ၃၊ အာဆီယံ + ၁ ခေါင်းစဉ်တွေအောက်က ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီကနေ့ကတော့ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုအဖြစ် ပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်။ တရုတ်ရိုးရာ အစားအစာတွေ၊ ယဉ်ကျေးမှု အစဉ်အလာတွေ အပြန်အလှန်ဖို့၊ နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးဖို့ ဖြစ်ပါတယ်"ဟု တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောသည်။

 

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းတို့မှ ဥက္ကဋ္ဌများ၊ မြန်မာနှင့်တရုတ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း ၃၀ဝ ခန့် တက်ရောက်ကြသည်။

 

အာဆီယံ-တရုတ် ဗဟိုဌာနသည် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအစိုးရနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တို့ ပူးတွဲဖွဲ့စည်းထားကြောင်း၊ အာဆီယံ - တရုတ် ဗဟိုဌာနအနေဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ ခရီးသွားလာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လျက်ရှိရာ ယခုပွဲတော်သည်လည်း ၎င်း၏အစိတ်အပိုင်းဖြစ်ကြောင်း သိရသည်။

 

သတင်း- မြင့်မောင်
ဓာတ်ပုံ- တင်စိုး (မြန်မာ့အလင်း)