ပထမဆုံးအကြိမ် အီလက်ထရောနစ် ဂိမ်းပြိုင်ပွဲ MOBILE LEGENDS PROFESSIONAL LEAGUE ကျင်းပမည်

ရန်ကုန် ၁၈ စက်တင်ဘာ

 

မိုလ်ဘိုင်းဂိမ်းထုတ်လုပ်သည့် ကုမ္ပဏီ Moonton နှင့် HOG Esport ၊ မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်တို့က ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဆုံး Mobile Legends Professional League (အီလက်ထရောနစ် ဂိမ်းပြိုင်ပွဲ-MPL) ကျင်းပမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ်၊ မာလာမြိုင် ရိပ်သာလမ်းရှိ မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ရုံးတွင်ပြုလုပ်သည့် E-SPORT ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

အဆိုပါ MPL ဂိမ်းပြိုင်ပွဲသည် အမေရိကန်ဒေါ်လာဆုကြေး ၃၀ဝဝဝ အထိ ရရှိနိုင်ကာ မိုလ်ဘိုင်းဂိမ်းဆော့ကစားသည့် မြန်မာလူငယ်များအတွက် စီစဉ်ကျင်းပသည့် ပထပဦးဆုံး ဂိမ်းပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

 

MPL ဂိမ်းပြိုင်ပွဲကို ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခြင်းဖြစ်သည်။

 

HOG Esport တည်ထောင်သူ ကိုကောင်းထက်စံက “Mobile Legends Professional League က ဆုကြေးငွေ ဒေါ်လာသုံးသောင်း ချီးမြှင့်မှာပါ။ အသက် ၁၈ နှစ်အထက် မည်သူမဆို ပြိုင်လို့ရပါတယ်။ အသက် ၁၈ နှစ်အောက်ဆိုရင်တော့ အုပ်ထိန်းသူ ထောက်ခံရင် ယှဉ်ပြိုင်ခွင့်ပေးပါမယ်။ စာရင်းပေးသွင်းရမယ့် အချိန်ကို Mobile Legends: bang bang Myanmar Page မှာ တင်ပေးသွားပါမယ်။ အလုပ်လုပ်နေသူတွေရော ကစားသမားတွေပါ အဆင်ပြေအောင် ပွဲစဉ်တိုင်းကို စနေ၊ တနဂငေ်္နွနေ့တွေမှာပဲ ရေးဆွဲထားပါတယ်” ဟုပြောသည်။

 

MPL ၏ နောက်ဆုံး Grand Final ပြိုင်ပွဲကို ဒီဇင်ဘာ ၂ ရက်တွင် မြန်မာပလာဇာ၌ ကျင်းပသွားမည်ဖြစ်ပြီး ပထမရရှိသည့် အသင်းကို ဒေါ်လာ ၁၀ဝဝဝ ဆုကြေးငွေ ပေးအပ်မည်ဖြစ်ကာ စတုတ္ထဆုအထိ ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်မှ ကိုစိုပြေအောင်က “ ဂိမ်းတွေက အရင်လို ဝါသနာအရ ကစားတာမဟုတ်တော့ပါဘူး။ အသက်မွေးဝမ်းကျောင်းပုံစံဘက်ကို ရောက်လာပါပြီ။ လုပ်ငန်းရှင်တွေကလည်း ဒီအပေါ်မှာ ကြော်ငြာလာကြတဲ့အတွက် လမ်းတွေလည်းပွင့်လာပြီ။ ဂိမ်းပေါ်မှာ Professional ကစားနိုင်ပြီး တော်တဲ့သူတွေအတွက်လည်း လမ်းတွေပွင့်လာပါပြီ” ဟုပြောသည်။

 

Mobile Legends ဂိမ်းရေးဆွဲသည့် လုပ်ဆောင်သူ Moonton ကုမ္ပဏီမှ မြန်မာနိုင်ငံအတွက် ရည်ရွယ်၍ ဂိမ်း ဟီးရိုး တစ်ပုံကို ထုတ်လုပ်လျက်ရှိသည်။

 

Mobile Legends ဂိမ်းရေးဆွဲရာတွင်ပါဝင်သူ မြန်မာမာနိုင်ငံသား ကိုရဲလင်းအောင်က “ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဟီးရိုးကိုရွေးထားတဲ့ ပုံထွက်နေပါပြီ။ လောလောဆယ် ပုံကြမ်းပဲ ရေးထားရသေးတော့ နောက်ဆုံးဒီဇိုင်းကိုတော့ ပြောလို့ မရသေးပါဘူး။ မြန်မာဟီးရိုးကိုတော့ ကျွန်တော်တို့ ကျန်စစ်သားရဲ့ ပုံစံကို ယူထားပါတယ်။ လုပ်ဆောင်ရတာတွေကများတော့ နှစ်လ သုံးလလောက်အတွင်းမှာတော့ ကျန်စစ်သား ဟီးရိုးထွက်လာအောင် ဆောင်ရွက်နေပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကိုယ်စားပြု ကစားသူတွေက တောင်းဆိုလို့ အခြားနိုင်ငံတွေလို မြန်မာနိုင်ငံရဲ့ ဟီရိုးကို ရေးဆွဲဖို့ ဆောင်ရွက်တာပါ” ဟုပြောသည်။

 

Moonton ကုမ္ပဏီ၏ စာရင်းများအရ မြန်မာနိုင်ငံတွင် Mobile Legends ဂိမ်း ကစားသူ ၅ သန်းကျော်ရှိကာ မိုလ်ဘိုင်းဂိမ်းကို ဘဝနှင့် လုပ်ငန်းခွင်မထိခိုက်စေရန်အတွက် အလွန်အကျွံကစားခြင်းမှ ရှောင်ရှား၍ သက်မှတ်ချက်တစ်ခုအနေဖြင့်သာ ကစားသင့်ကြောင်း HOG Esport တည်ထောင်သူ ကိုကောင်းထက်စံက ပြောသည်။

 

Mobile Legends ကစားနည်းသည် အွန်လိုင်းတွင် တစ်ကမ္ဘာလုံးရှိ Mobile Legends ကစားသူများနှင့် ကစားနိုင်ပြီး အချိန်နှင့်တစ်ပြေးညီ ယှဉ်ပြိုင်တိုက်ခိုက်ရသည့် ကစားရသည့်နည်းဖြစ်သည်။ ကစားရာတွင် တစ်ဖက်လျှင် ငါးဦးစီဖြင့် အဖွဲ့လိုက် ကစားရပြီး ကစားသမားငါးဦးစလုံး တက်ညီလက်ညီဖြင့် စုပေါင်းကစားနိုင်မှ အနိုင်ရသည့် ကစားနည်းဖြစ်သည်။        

 

သတင်း..ညွန့်ကိုကို၊ ဓာတ်ပုံ..ဇော်မင်းလတ်