ပထမအကြိမ် ဓနုအမျိုးသားနေ့ အခမ်းအနား ရွာငံမြို့၌ ကျင်းပ

တောင်ကြီး ၁၆  ဒီဇင်ဘာ

 

ဓနုတိုင်းရင်းသားတို့၏ ထူးခြားသော နေ့ထူးနေ့မြတ်ကြီးဖြစ်သည့် ပထမဆုံးအကြိမ် ကျင်းပသော ဓနုအမျိုးသားနေ့ကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီခွဲက ရွာငံမြို့၊ ရွှေပွင့်လင်းကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဓနုတိုင်းရင်းသားတို့၏ ရိုးရာဗျောဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ဓနုအမျိုးသားအလံအား အလေးပြုခြင်းကို တက်ရောက်လာသော ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆောင်ရွက်ကြသည်။

ရွာငံမြို့သည် ဓနုတိုင်းရင်းသားတို့၏ ဘူမိနက်သန် အောင်မြေဖြစ်ပြီး မွန်ဂိုကုန်းမြေမြင့်မှ လမ်းကြောင်းကြီး (၃)သွယ်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် တိဘက်-မြန်မာ အုပ်စုဝင်ဖြစ်သည့် ဓနုတိုင်းရင်းသားတို့သည် ရွာငံဒေသတွင် ပထမဆုံး အခြေချနေထိုင်ခဲ့သော လူမျိုးစုဖြစ်ကြောင်း၊ ဓနုတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ အနှံအပြားနေထိုင်ကြပြီး ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့၌ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့ကို ဓနုတိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးခဲ့ကြောင်း၊ ဓနုတစ်မျိုးသားလုံး တစ်စုတစ်စည်း တွေ့ဆုံပြီး ဓနုအမျိုးသားညီလာခံကို ကျင်းပနိုင်သည့် ၁၃၇၉ ခု၊ နတ်တော်လဆန်း ၈ ရက်နေ့တွင် ဓနုအမျိုးသားအလံ၊ ဓနုအမျိုးသားသီချင်း၊ ဓနုတိုင်းရင်းသားဝတ်စုံကို တစ်ပြေးညီ သတ်မှတ်နိုင်သည့်နေ့ကို ဓနုအမျိုးသားနေ့ဟု သတ်မှတ်နိုင်ခဲ့ပြီး အမျိုးသားနေ့မှ ဓနုတစ်မျိုးသားလုံးကို ဦးဆောင်ဦးရွက်ပြုမည့် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ပေါ်ပေါက်လာကာ အဖွဲ့ချုပ်က ဦးစီး၍ ယခုကဲ့သို့ ပထမအကြိမ် ဓနုအမျိုးသားနေ့ကို ရွာငံမြို့နယ်တွင် ကျင်းပနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား၌ ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဓနုအမျိုးသားနေ့ ဖြစ်မြောက်ရေးအတွက် အလှူငွေကျပ် သိန်း ၂၀ ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာ ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဓနုအမျိုးသားနေ့တွင် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော်/ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဓနုတိုင်းရင်းသား/ တိုင်းရင်းသူ မိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(ပြန်/ဆက်)

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံမှ ပေးပို့သော ဓနုအမျိုးသားနေ့ သဝဏ်လွှာအား ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ဖတ်ကြားခြင်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံမှ ပေးပို့သော ဓနုအမျိုးသားနေ့ သဝဏ်လွှာအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးက ဖတ်ကြားခြင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော ဓနုအမျိုးသားနေ့ သဝဏ်လွှာအား ရွာငံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ဖတ်ကြားခဲ့ကြသည်။