ပထမ ခေါင်လန်ဖူး၊ ဒုတိယ ရှိန်းခေါင်နှင့် လန်ဆယ် (၃)

၂၇ စက်တင်ဘာ

ပူတာအိုမှ ခေါင်လန်ဖူးသို့ နေ့ချင်းပေါက်ပြီ

နယ်စပ်ရေးရာဝန်ကြီးဌာနက ဖောက်လုပ်ပေးနေသော မဂ္ဂဇ-ခေါင်လန်ဖူး ကားလမ်းသည် စုစုပေါင်း (၆၅/၄) မိုင်ရှိသည့်အနက် ယခုအခါ (၅၀/၀) မိုင်သို့ ချင်းနင်းဝင်ရောက်လာပြီ ဖြစ်သည်။ (၁၅/၀)မိုင်သာသာခန့် ဖောက်လုပ်ရန် ကျန်သော်ငြားလည်း ထိုခရီးမှာ ဆိုင်ကယ်ဖြင့် သွားလို့ရသော ခရီးဖြစ်နေပေပြီ။ ပူတာအိုက လာသောကားများသည် ရီဒမ်းကြိုးတံတားနားအထိ လာနိုင်သော်လည်း ခရီးသည်နှင့် ကုန်ပစ္စည်း အတင်အချ လုပ်၍ကောင်းသော ဖူလွမ်းကျေးရွာမှာသာ စတည်းချ၍ စောင့်ကြိုတတ်ကြ၏။ ပူတာအိုမှနေ၍ ကားဖြင့်ပဲလာလာ၊ ဆိုင်ကယ်ဖြင့်ပဲသွားသွား ပူတာအို-မချမ်းဘော-မဂွေဇ-ခေါင်လန်ဖူးခရီးသည် နေ့ချင်းပေါက်ပြီဟု ပြောရမည်သာ။ ပူတာအိုမှ မဂွေဇအထိ (၇၀/၄)မိုင် ခရီးကို ကား ဆိုင်ကယ်ဖြင့် သုံးနာရီခွဲခန့် ကြာမြင့်ပါသည်။ မဂွေဇ ကနေ ရီဒမ်းကြိုးတံတား မေခမြစ်အထိ (၄၃/၁)မိုင် ခရီး အားကား/ဆိုင်ကယ်ဖြင့် သုံးနာရီခွဲ။ ရီဒမ်းကြိုးတံတားမှ ခေါင်လန်ဖူးအထိ (၂/၃)မိုင် ခရီးကို ဆိုင်ကယ်ဖြင့် (ကြိုးတံတား ကြံ့ခိုင်မှုအတွက် ကားများ ဖြတ်သန်းခွင့် မပြုသေး) သုံးနာရီခွဲခန့်ဟု ခန့်မှန်းတွက်ချက်နိုင်ပေရာ ပူတာအိုမှ ခေါင်လန်ဖူး ခရီးသည် နံနက် ၆ နာရီထွက် လျှင် ညနေ ၅ နာရီမှာ လိုရာပန်းတိုင်သို့ ရောက်ရှိနေပါ လိမ့်မည်။ ၂၀၁၀ ပြည့်နှစ် ပူတာအို-နောင်မွန် ကားလမ်းဖောက်ပြီးသည့်တိုင် နောင်မွန်မှ ခေါင်လန်ဖူးအထိ ရက်သတ္တတစ်ပတ်ခန့် လမ်းလျှောက်နေကြရဆဲ။ ကားလမ်းမပေါက်သေးသည့် ဟိုဘက်ခေတ်မှာဆိုလျှင်ဖြင့် ပူတာအိုမှ ခေါင်လန်ဖူးခရီးသည် ဆိုဖွယ်ရာမရှိတော့ပြီ။ အနည်းဆုံး ကျွန်တော်တို့လို ဒေသခံများပင်လျှင် ၁၄ ရက်ခန့် ကြာအောင် ခက်ခက်ခဲခဲ သွားလာခဲ့ကြရသည်။

ကုန်စည်စီးဆင်းမှု ကဏ္ဍချောမွေ့လျက်ရှိ

ဖူလွမ်းကျေးရွာကို ဗဟိုပြု၍လှုပ်ရှားသွားလာနေကြသော ကား၊ ဆိုင်ကယ်တို့၏ ခရီးသည်တင်ဆောင်မှု အခြေအနေနှင့် ကုန်စည်များ သယ်ယူရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို လေ့လာကြည့်လျှင် ခေါင်လန်ဖူးမြို့နယ်အတွင်းသို့ ပုံမှန်ဝင်ရောက်လည်ပတ် နေကြောင်းတွေ့ရပေမည်။ တစ်ရက်လျှင် ပျမ်းမျှ မော်တော်ယာဉ် ခုနစ်စီးနှင့် ဆိုင်ကယ် ၁၀ စီးခန့်မောင်းနှင်သွားလာမှုရှိပြီး ယင်းယာဉ်များပေါ်၌ ခရီးသည် ၃၀ မှ ၄၀ အကြား လိုက်ပါစီးနင်းကြောင်း သိရှိရပါသည်။ တင်ဆောင်သော ကုန်ပစ္စည်းအမျိုးအစားများမှာ ဆန်နှင့်စားသုံးဆီ၊ ကုန်စိမ်းကုန်ခြောက်မျိုးစုံ၊ ဒီဇယ်နှင့် ဓာတ်ဆီ အစရှိသည့် စက်သုံးဆီများ၊ ဆေးဝါးပစ္စည်း အမျိုးမျိုး၊ အထပ်သား၊ သံနှင့်ချိန်းလင့် အစရှိသည့် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ ကျောင်းဖွင့်ချိန်၌တွေ့ရ တတ်သည့်ကျောင်းဝတ်စုံနှင့် ထီး၊ ဖိနပ်အမျိုးမျိုး၊ မုန့်နှင့် အချိုရည်မျိုးစုံတို့ဖြစ်ကြောင်း တွေ့ရှိရသည်။

စီးပွားဖြစ် ကုန်ထုတ်လမ်းမဟုတ်ပါ

နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများတွင် ဖောက်လုပ်ပေးနေသော လမ်းများသည် စီးပွားဖြစ်ကုန်ထုတ်လမ်းများ မဟုတ်ကြပါ။ ယင်းလမ်းများ၏ သဘောသဘာဝကိုက အခေါင်အဖျားဒေသရှိ တိုင်းရင်းသားများ နှင့်ပါမကျန် ရင်းနှီးချစ်ခင်စွာ ထိတွေ့ဆက်ဆံမှု ပြုနိုင်စေရန်၊ ကူးလူးဆက်သွယ်နိုင်စေရန်ရည်သန်လျက် ကျေးလက်လမ်းအဆင့်ထက် အနည်းငယ်မြင့်မားရုံမျှသာ ဖောက်လုပ်ပေးထားခြင်း ဖြစ်ပါသည်။ နောင်မှဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပြီး အဆင့်မြှင့်တင်သည့် လုပ်ငန်းများဆောင်ရွက်သည့် သဘောသဘာဝရှိပါသည်။ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းသည် တောင်ပေါ်ဒေသလမ်းဖြစ်သည့်အားလျော်စွာ မြေပြိုခြင်း၊ သဲတောင်ပြိုခြင်းများကြောင့် အခိုက်အတန့် လမ်းပိတ်ဆို့ သွားခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသည်။ လမ်းအဆင့်မြှင့် ဆောင်ရွက်ပြီးချိန်မှာတော့ယင်းကဲ့သို့ ဖြစ်စဉ်များရှိတော့ မည်မဟုတ်ပါ။

စုပေါင်းညီညာအောင်ကြောင်းဖြာ

ဒေသခံတိုင်းရင်းသား တစ်ယောက်အနေဖြင့် ကျွန်တော်၏ ထင်မြင်ယူဆချက်ကို တင်ပြရလျှင် ရှေးယခင်အစိုးရများ အဆက်ဆက်မှာသည်လမ်းကို ဘာ့ကြောင့် မဖောက်ခဲ့ကြပါသနည်း။ ထင်သလောက် မလွယ်၍ အခက်အခဲများစွာရှိနေ၍ ဖြစ်ပါလိမ့်မည်။ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူများ၏ ပြောစကားအရလည်း မဂွေဇ-ခေါင်လန်ဖူးကားလမ်းကြီးကို သူတို့ချည်း သက်သက်ဖောက်လုပ်ရန်မှာ မလွယ်ဟုဆိုကြ၏။ အစိုးရ၏ ရန်ပုံငွေနှင့် တပ်မတော်၏ အကူ အညီဖြစ်သော အရာရှိ ဦးစီးအင်ဂျင်နီယာစစ်သည်များ တွဲဖက်ပေးခြင်း၊ အရေးပေါ်ယမ်းလိုအပ်ချက်၊ စက်သုံးဆီ လိုအပ်ချက်များ ရှိလာချိန်တွင် ရဟတ်ယာဉ်များဖြင့် သယ်ယူပို့ဆောင် ဖြည့်တင်းပေးခြင်းများရှိကြောင်း မေးမြန်းသိရှိရပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် တာဝန်ရှိသူများကလည်း လမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်သို့ မကြာခဏလာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း တွေ့ရသည်။

ပထမခေါင်လန်ဖူး၊ ဒုတိယရှိန်းခေါင်နှင့် လန်ဆယ်

မဂွေဇ-ခေါင်လန်ဖူးကားလမ်းမကြီး၏ လာရာနှင့် လားရာကတော့ အတော်လေးစိတ်ဝင်စားစရာကောင်း နေပါပြီ။ ဆန်းလွတ်ချက်ကိုကျော်၊ မေခကိုဖြတ်ပြီး ခက်ခဲကြမ်းတမ်းစွာခရီးနှင်လာရသော သည်ကားလမ်းကြီး၊ ခေါင်လန်ဖူးမှာပဲ အဆုံးသတ်မှာလား၊ မည်သည့်အရပ် ဒေသများသို့ ခရီးဆက်မလဲဆိုသည်ကို ကျွန်တော် သိချင်လာမိသည်။ ထို့ကြောင့် နတလဦးစီးဌာနက အင်ဂျင်နီယာ မှူးကြီး ဦးခင်မောင်လတ်နှင့် ဆုံစည်းခိုက် သိလိုသမျှကို မေးမြန်းစေ့ငုကြည့်ရာ သူကလည်း စီမံကိန်းလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်လာပုံ၊ ယနေ့အထိဆောင်ရွက် ပြီးစီးမှုများအပြင် ရှေ့ဆက်သွားမည့် လျာထားချက်များ ကိုပါ စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။

“ကျွန်တော်တို့ မဂွေဇ-ခေါင်လန်ဖူးကားလမ်းမကြီး ကို အပိုင်း(၄)ပိုင်းခွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။

အပိုင်း(၁) မဂွေဇ-ငါ့လုံဒမ်း (၂၅/၄)မိုင်၊

အပိုင်း(၂) ငါ့လုံဒမ်း-လုံးတုံဗိုလ်တဲ (၁၀/၀)မိုင်၊

အပိုင်း(၃) လုံးတုံဗိုလ်တဲ-မေခမြစ်အနီးဆီဆုံအထိ (၁၀/၄)မိုင်၊

အပိုင်း(၄) ဆီဆုံ-ခေါင်လန်ဖူး (၁၉/၄)မိုင်။

အခုစီမံကိန်းလုပ်ငန်းအပိုင်း(၄)ကို ရောက်နေပါပြီ။ ဆောင်ရွက်ပြီးသမျှ လုပ်ငန်းတွေကတော့ လာမည့်နှစ်မှာ မြေလမ်းအနေနဲ့ ပြီးသလောက်ဖြစ်သွားမယ်။ ကျောက် လမ်းက (၄၄/၀)မိုင်အထိ လျာထားပါတယ်။ သည်လမ်းကြီးပေါ်မှာ ကွန်ကရစ်တံတား အစင်း ၂၀၊ Box Culvert ၁၅၂ စင်း၊ ကျောက်စီရေမြောင်း ၁၃၉၉၅ ပေ၊ ကွန်ကရစ် ရေကျော် နှစ်ခု၊ ကွန်ကရစ် ရေပြွန်နှစ်ခု ဆောင်ရွက်ထား ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ သည်ကားလမ်းကြီးကို ဖောက်လုပ်ပေးခဲ့တဲ့နေရာမှာ မိမိ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနပိုင် ယာဉ်/ ယန္တရားများနှင့်အတူ ခွဲဝေရရှိသော ဝန်ကြီးဌာန ဘတ်ဂျက် ရန်ပုံငွေကိုသာ အသုံးပြုပြီး ကျေးလက်လမ်း အဆင့်ထက် အနည်းငယ်သာလွန်ကောင်းမွန်တဲ့ လမ်း တစ်လမ်းဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက် ပေးနေခြင်းဖြစ်ပါတယ်။ မဂ္ဂဇ-ခေါင်လန်ဖူး ကားလမ်းကြီးပေါက်သွားပြီဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ မြောက်ဘက်က ရှိန်းခေါင်ဒေသနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ နယ်စပ်ပတ်လမ်း စီမံကိန်းမှာ ပါဝင်နေတဲ့ တောင်ဘက်က လန်ဆယ်ဒေသများအထိ လမ်းများ ဆက်လက် ဖောက်လုပ်ပေးဖို့ လျာထားပြီးဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွက် စက်ယန္တရားကြီးများလည်း အသင့် ရှိနေပြီ ဖြစ်ပါတယ်..” ဟု ၎င်းကပြောသည်။

ဖိတ်ခေါ်ပါသည် ခေါင်လန်ဖူးဒေသဆီ

ပူတာအိုကနေထွက်ပြီး အရှေ့အနောက် ၁၅ မိုင်၊ တောင်မြောက် ၂၅ မိုင်ကျယ်ဝန်းသည့် ပူတာအိုလွင်ပြင် ကြီးကို ဖြတ်ပြီးတာနဲ့ မချမ်းဘောမြို့ကလေးကို ရောက်ပါမည်။ ဂျိမ်းဖော့လိုတော့ မကျန်တော့ဟု အဓိပ္ပာယ်ရ၏။ မကျန်ကချောင်း၊ ဘော့က မြစ်ဆုံဖြစ်၍ မကျန်ချောင်းနှင့် မလိခ မြစ်ဆုံရာ အရပ်ဖြစ်ပါသည်။

ထိုမှလွန်လျှင် မဂွေဇကို ရောက်ပြီးခေါင်လန်ဖူးမြို့လေးဆီ ခရီးဆက်နိုင်ပါပြီ။ သဘာဝတောတောင် ရှုခင်းများနှင့် သာယာလှပသော ရဝမ်၊ လီဆူ၊ ဂျိမ်းဖော့၊ ခန္တီး ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုတို့ ထုံလွှမ်း နေသော ဧရာဝတီမြစ်၏ရေဦးရေဖျား ပတ်ဝန်းကျင်နှင့်၊ ဆီးနှင်းဖုံးဒေသရှိ ဇီဝမျိုးစုံ မျိုးကွဲများကို တစ်ဝကြီး လေ့လာကြည့်ရှု ခံစားနိုင်မည့် ခေါင်လန်ဖူးဒေသသို့ ကြွမြန်းခဲ့ကြပါရန် လေးစားစွာ ဖိတ်မန္တက ပြုလိုက် ရပါကြောင်း...။ ။

ဖုန်ဇီရမ်