ပရိယတ်၊ ပဋိပတ်ပြန့်ပွားရေးအတွက် ကျင်းပမည့် ဝိနယဝံသပါလ စာမေးပွဲကြီး

mdn

သတင်းဆောင်းပါး -  ကိုပေါက် (ဥက္ကာမြေ)

ရန်ကင်းတောရ ရန်ကင်းတောရသည် နေပြည်တော် လယ်ဝေးမြို့နယ် သပြေပင် စံပြကျေးရွာ တောင်ဘက် မလှမ်းမကမ်း တောင်တန်းပေါ်၌ တည်ရှိပြီး ၁၉၃၀ ပြည့်နှစ်က သပြေပင်ကျေးရွာမှ ဒါယကာ ဦးဖိုးစိန်၊ ဒါယိကာမ ဒေါ်ခင်လေးတို့က မိမိတို့ပိုင်ယာမြေကို ညောင်လွန့်ဆရာတော်ကြီး၏ ဥပနိဿယခံ ဘဒ္တကေလာသ မထေရ်မြတ်အား တောရကျောင်းအဖြစ် လှူဒါန်းခဲ့ရာမှ ရန်ကင်းတောရဟု အမည်တွင်လာခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံ လွတ်လပ်ရေးမရမီ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်ကာလက စတင်ထူထောင်ခဲ့သော ဤတောရကျောင်းသည် ၁၉၈၀ ပြည့် လွန်နှစ်များအထိတိုင် တောအင်္ဂါနှင့် လွန်စွာပြည့်စုံညီညွတ်ခဲ့ ဖူးသဖြင့် အာရညကင်ဓူတင်ကို မြတ်နိုးတော်မူကြသည့် ဓုတင် ကဓရဝိနယဂရုကသကျပုတ္တ အရှင်မြတ်ကြီးများ ချမ်းသာစွာ သီတင်းသုံးတော်မူခဲ့သည့် ဌာနဖြစ်ကြောင်း သိရသည်။ 

ရှေးယခင်ကာလမှသည် ယနေ့ထိတိုင် ဝိနည်းသီလအရာတွင် အထူးအလေးဂရုပြုတော်မူလေ့ရှိသည့် ဝိနယဂရုက လဇ္ဇီ ပေသလ သိက္ခာကာမ မထေရ်မြတ်ကြီးတို့သည် ဤရန်ကင်း တောင်ပေါ်တွင် အစဉ်အဆက် သီတင်းသုံးတော်မူခဲ့ကြသည်။ ယနေ့ထိတိုင် သာသနာ့တာဝန်ကို ပခုံးပြောင်း ထမ်းဆောင် တော်မူခဲ့ကြသည့် ဆရာတော်မထေရ်မြတ်ခုနစ်ဆက်ရှိခဲ့ရာ ယခု သတ္တမမြောက် ရန်ကင်းတောရဆရာတော် ဘဒ္တခေမာ နန္ဒထေရ် ဖြစ်ပြီး ၂၀ဝ၃ ခုနှစ်မှစ၍ သီတင်းသုံးတော်မူခဲ့သည်။ 

အဆိုပါ ရန်ကင်းတောရ ပရိယတ်၊ ပဋိပတ်ဌာန၏ သာသနာပြုလုပ်ငန်းများအဖြစ် ပရိယတ္တိသာသနာပြုလုပ်ငန်း၊ ပဋိပတ္တိ သာသနာပြုလုပ်ငန်းနှင့် သာသနာပြုပရဟိတလုပ်ငန်း (နေပြည်တော်)၊ ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် သင်တန်းများကိုလည်း ယနေ့အထိ သင်ကြားပို့ချပေးလျက်ရှိ နေသည်။

 ဝိနယဝံသပါလအသင်း 

ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းကြီးကိုလည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက မွန်ပြည်နယ် ပေါင်မြို့နယ် ကတွန်ကျေးရွာ ဇင်းကျိုက်တောင်ခြေ ဓမ္မဝိနယာ လင်္ကာရကျောင်းတိုက်၌ အတည်ပြု ဖွဲ့စည်းတည်ထောင်တော် မူခဲ့သည်။ ထိုသို့ ဖွဲ့စည်းခဲ့ရာတွင် ပဓာန ဦးဆောင်ဆရာတော် ကြီးများအဖြစ် မဟာဝိဟာရဆရာတော်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္တ သီရိကဉ္စနာဘိဝံသ၊ အေးချမ်းသာယာဆရာတော်နှင့် ရန်ကင်းတောရဆရာတော်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။ 

အသင်းကြီး၏ ရည်ရွယ်ချက်မှာ “အနာဂတေသာသနံ လဇ္ဇီရက္ခိဿတိ”ဟူသော အဋ္ဌကထာစကားနှင့်အညီ မြန်မာ နိုင်ငံ၏ အနာဂတ်သာသနာ့တာဝန်ကို ပခုံးပြောင်းကာ ဦးဆောင်ဦးရွက်ပြုတော်မူကြမည့် ရဟန်းတော် အရှင်မြတ်များသည် စာပေပရိယတ္တိအရာတွင် နှံ့စပ်ကျွမ်းကျင်တတ်မြောက် ရုံသာမက ဝိနည်းပဋိပတ် အရာတွင်လည်း ကျွမ်းကျင်နိုင်နင်းသည့် သာသနာ့အာဇာနည်အလောင်းအလျာ ရှင်ရဟန်း ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ထားရှိခြင်းဖြစ်သည်။ 

အဆိုပါ ဝိနယဝံသပါလအသင်းက ဦးဆောင်ကျင်းပမည့် ပထမဆုံးအကြိမ် အဘိဝိနယာစရိယ စာမေးပွဲကြီးကိုလည်း ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြတ်မင်္ဂလာလမ်းနှင့် သံတမန်ဇုန်ကြားရှိ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဝိနယဝံသပါလအသင်းဌာနချုပ် တည်ရှိရာ ရန်အောင် မြင်တောရ (မြို့တော်ဝန်) ကျောင်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

စာမေးပွဲပြဋ္ဌာန်းကျမ်းစာ 

ထိုအသင်းကြီးက ကြီးမှူးကျင်းပမည့် အဘိဝိနယာစရိယ စာမေးပွဲ၏ ပြဋ္ဌာန်းကျမ်းစာများမှာ ဝိနည်း (၅) ကျမ်း ပါဠိ တော်၊ အဋ္ဌကထာနှင့် ဋီကာ (Pali. commentry and Sub-commentry)  တို့ ဖြစ်သည်။ 

“စာမေးပွဲအခန်းထဲ စာဖြေစားပွဲပေါ်၌ ကျမ်းစာအုပ်များ ကိုကြည့်၍ ကျမ်းပြုစုသည့်နှယ် ကျမ်းညွှန်းများတိကျစွာပေးပြီး ဖြေဆိုရမည့် Open Book System စာမေးပွဲဖြစ်ကြောင်း၊ ဝိနည်းလက်တွေ့ ကျင့်သုံးမှုကိုလည်း စစ်ဆေးမည်ဖြစ်ပြီး အာဂုံပါဠိတော်ကိုလည်း ဖြေဆိုရမည်ဖြစ်ကြောင်း၊ တတိယ အဆင့် ဖြေဆိုအောင်မြင်ပြီးသည့် အရှင်မြတ်များအနေဖြင့် ဘွဲ့ဆက်ခံနိုင်ရန်အတွက် စာတမ်းတစ်စောင် တင်သွင်းရမည် ဖြစ်ကြောင်း” ရန်ကင်းတောရဆရာတော် ဘဒ္တ ခေမာနန္ဒက မိန့်ကြားသည်။

 အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလ စာမေးပွဲအသင်း၏ ဝိနည်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆို အောင်မြင်တော်မူကြသော ရဟန်းတော်များနှင့် သာမဏေများအား အောင်မြင် သောအဆင့်အလိုက် အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော် များကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။ 

ပထမအဆင့်နှင့် ဒုတိယအဆင့် အောင်မြင်တော်မူကြ သည့် အရှင်မြတ်များအား သက်ဆိုင်ရာအဆင့်အလိုက် အောင်မြင်ပြီးမြောက်ကြောင်းလက်မှတ် Completion certificate များကို အဆင့်အလိုက် ဆက်ကပ်မည်ဖြစ်ပြီး တတိယအဆင့် အောင်မြင်တော်မူကြသည့် အရှင်မြတ်များအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါ လအသင်း၏ အဘိဝိနယာ စရိယစာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြောင်း လက်မှတ်နှင့် “ဝိနယဝံသပါလာဘိဝိနယာစရိယ” ဘွဲ့တံဆိပ်တော်ကို ဆက် ကပ်လှူဒါန်းသွားမည်ဖြစ်သည်။ 

ယခုအခါ လယ်ဝေးမြို့ ရန်ကင်းတောရဆရာတော်အနေဖြင့် ရန်ကင်းတောင် ပရိယတ်၊ ပဋိပတ်ဌာနနှင့် နေပြည်တော် ရန်အောင်မြင်တောရ (မြို့တော်ဝန်) ကျောင်းတို့ကိုပါ ယှဉ်တွဲ၍ စီမံအုပ်ချုပ်ကာ သာသနာပြု လုပ်ငန်းများ ဆက်လက်ဆောင် ရွက်တော်မူနေခြင်းဖြစ်သည်။ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြတ်မင်္ဂလာလမ်းနှင့် သံတမန်ဇုန်ကြားရှိ ဝိနယဝံသပါလအသင်းဌာနချုပ် ဖွင့်လှစ်တည်ရှိရာ ရန်အောင်မြင် တောရ (မြို့တော်ဝန်ကျောင်း) မြေ နေရာအတွက် ယခင်အစိုးရလက်ထက်က မြေအကျယ် ၁၀ ဒသမ ၃၇ ဧကကို လှူဒါန်းပေးခဲ့ပြီး ယခုအစိုးရလက်ထက်၌ ဝိနယဝံသပါလအသင်း၏ သာသနာပြုလုပ်ငန်းများ ပိုမို တိုးတက် ပြန့်ပွားအောင်မြင်ရေး အလေးထားဆောင်ရွက်နိုင်ရန် အတွက် မြေ ၉ ဒသမ ၆၈ ဧကကို ထပ်မံလှူဒါန်းပေးထားကြောင်း သိရသည်။ ။