ပရီမီယာလိဂ်ပွဲစဉ် (၂၈) ယှဉ်ပြိုင် မာနေး၏သွင်းဂိုးဖြင့် ဝက်စ်ဟမ်းကို လီဗာပူးအနိုင်ရ

လီဗာပူးအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ် (၂၈) ကို မတ် ၆ ရက် နံနက် အစောပိုင်းက အန်ဖီးလ်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရာ လီဗာပူးအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဦးဆောင်သူ မန်စီးတီးအသင်းကို ထက်ကြပ်မကွာ ဖိအားပေးနိုင်ရန်အတွက် လီဗာပူး အသင်းသည် ဒီယက်ဇ်၊ မာနေး၊ ဆာလာတို့ကို အားပြုကာ အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက် လာခဲ့သည်။ ဝက်စ်ဟမ်းအသင်းကလည်း အဆင့် (၄) အတွင်း ဝင်ရန်အတွက် အားထားရသည့် ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။

နှစ်သင်းစလုံး နိုင်ပွဲရရှိရေးကို ဦးတည်လာသည့်အတွက် အပြန်အလှန်တိုက်စစ်ဆင်ခွင့်၊ ဂိုးကန်သွင်း ခွင့်များ ဖြင့် ပွဲမှာ အကြိတ်အနယ်ရှိခဲ့သည်။ လီဗာပူးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၇ မိနစ်တွင် အာနိုး၏ ဖန်တီးမှုမှ မာနေးက သွင်းယူပေးခဲ့သည်။ ထို့နောက်တွင် လီဗာပူး အသင်းရော ဝက်စ်ဟမ်းအသင်းပါ သွင်းဂိုးများ ထပ်မံရရှိရန်လူစားလဲမှုများ ပြုလုပ်လာသော်လည်း ပွဲချိန်ပြည့်သည်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် လီဗာပူးအသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့ခြင်း ဖြစ်သည်။

လီဗာပူးအသင်းသည် ယခုပွဲအနိုင်ရရှိမှုကြောင့် ဦးဆောင်သူ မန်စီးတီးအသင်းနှင့် ပွဲအရေအတွက် ၂၇ ပွဲတူ သုံးမှတ်အကွာသို့ ရောက်ရှိလာပြီဖြစ်သည်။ ပြိုင်ဘက်ဝက်စ်ဟမ်းအသင်းက ယခုပွဲအရေးနိမ့်မှု ကြောင့် ၂၈ ပွဲ ကစားပြီး ၄၅ မှတ်ဖြင့် အဆင့် (၄) အတွင်းဝင်ရန် လက်ကျန်ပွဲစဉ်များကို ရုန်းကန်ရဦးမည် ဖြစ်သည်။

လာမည့်ပွဲစဉ်အဖြစ် လီဗာပူးအသင်းက မတ် ၉ ရက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဆီဗီလာအသင်းနှင့် မတ် ၁၁ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်