ပရီမီယာလိဂ်လေးပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူအသင်း စပါးအသင်းကို အဝေးကွင်းမှာ သုံးဂိုးပြတ်အနိုင်ရရှိ

နိုဝင်ဘာ ၁

ပရီမီယာလိဂ်ပွဲစဉ်(၁၀)ရဲ့ အောက်တိုဘာ ၃၀ ရက်(စနေနေ့ည)နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ မန်ယူအသင်းက အိမ်ရှင် စပါးအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်ဟာ မန်ယူအသင်းနည်းပြ ဆိုးရှားအတွက်ရော စပါးအသင်းနည်းပြ အက်စပီရီတိုဆန်းတို့စ်အတွက်ပါ ဖိအားတွေရှိနေခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး မန်ယူအသင်းဟာ ပြီးခဲ့တဲ့ပရီမီယာလိဂ်လေးပွဲမှာ နိုင်ပွဲ ပျောက်ဆုံးခဲ့ရသလို စပါးအသင်းဟာလည်း ပြီးခဲ့တဲ့ပရီမီယာလိဂ်ပွဲစဉ်တွေမှာ ခရစ္စတယ် ပဲလေ့၊ ပရီမီယာလိဂ်မှ ချယ်လ်ဆီး၊ အာဆင်နယ်၊ ဝက်စ်ဟမ်း စတဲ့အသင်းတွေကို ရှုံးနိမ့်ခဲ့တာကြောင့် ရလဒ်ပိုင်းဆိုးရွားမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူအသင်းဟာ စပါး အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အနာဂတ်အခြေအနေနဲ့ စပ်လျဉ်းပြီး မေးခွန်းထုတ်မှုတွေနဲ့အတူ ဖိအားတွေရှိနေခဲ့တဲ့ ဆိုးရှားအတွက်တော့ ဖိအားတွေလျော့ကျသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ မန်ယူအသင်းအတွက် အနိုင်ဂိုးသုံးဂိုးကို ပွဲကစားချိန် ၃၉ မိနစ်မှာ စီရိုနယ်လ်ဒို၊ ၆၄ မိနစ်မှာ ကာဗာနီနဲ့ ၈၆ မိနစ်တို့မှာ ရက်ရှ်ဖို့ဒ် တို့ကသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် မန်ယူအသင်းဟာ ရမှတ် ၁၇ မှတ်နဲ့ ပရီမီယာလိဂ်အဆင့် ၅ နေရာမှာ ရပ်တည်ခွင့်ရရှိခဲ့ပြီး စပါးအသင်းက တော့ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၈ နေရာ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

မန်ယူအသင်းနဲ့အတူ အောက်တိုဘာ ၃၀ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်တွေမှာ အမှတ်ပေး ဇယားထိပ်ဆုံးက ချယ်လ်ဆီးအသင်းဟာ နယူးကာဆယ်အိမ်ကွင်းမှာ သုံးဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ဇယားထိပ်မှာ ရမှတ် ၂၅ မှတ်နဲ့ ဆက်လက်ရပ်တည်ခွင့်ရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ အိမ်ကွင်းအီတီဟက်ဒ်မှာ ခရစ္စတယ်ပဲလေ့အသင်းကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာပဲ ဆက်လက်ရပ်တည်ခွင့်ရရှိ ခဲ့ပါတယ်။ နည်းပြကလော့ရဲ့ လီဗာပူးအသင်းဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူနိုင် ခဲ့ပြီးမှ ချေပဂိုးနှစ်ဂိုး ပြန်လည်ပေးလိုက်ရတာကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ကာ ပွဲစဉ်၁၀ အပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်လျက်ရှိနေတာ ဖြစ်ပါတယ်။

ငွေကြယ်