ပရီမီယာလိဂ်ချန်ပီယံအဖြစ် လီဗာပူး အောင်ပွဲခံနိုင်မည်ဟု ယူအီးအက်ဖ်အေအကြီးအကဲ စီဖာရင် ပြောကြား

၈  ဧပြီ

လီဗာပူးအသင်းဟာ ပရီမီယာလိဂ်ချန်ပီယံအဖြစ် တစ်နည်းမဟုတ်တစ်နည်းနဲ့ အောင်ပွဲခံနိုင်မှာဖြစ်တယ်လို့ ယူအီးအက်ဖ်အေအကြီးအကဲ စီဖာရင်က ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိပရီမီယာလိဂ်အမှတ်ပေး ဇယားမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ရမှတ် ၂၅ မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်နေတာဖြစ်တဲ့အတွက် နှစ်ပေါင်း ၃၀ ကာလအတွင်းမှာ ပရီမီယာလိဂ်ဖလား ပထမဆုံးအကြိမ်ရရှိဖို့ လက်ကျန်ပွဲတွေထဲက နှစ်ပွဲနိုင်ရင်တောင် ချန်ပီယံဖြစ်မယ့်အသင်းလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲတွေ ရပ်နားထားရတာဖြစ်တဲ့အတွက် ပရီမီယာလိဂ် ပြိုင်ပွဲဟာ ပွဲစဉ်အားလုံးကစားပြီး ရာသီသိမ်းမလား ဒါမှ မဟုတ် ဒီအခြေအနေနဲ့ပဲ ရာသီသိမ်းမလားဆိုတာက ဆုံးဖြတ်လို့မရတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါပေမယ့် စီဖာရင်ကတော့ လီဗာပူးအသင်း ပရီမီယာလိဂ်ဖလား မရမယ့်အခြေအနေမမြင်ဘူးလို့ ဆိုပါတယ်။ ပရီမီယာလိဂ်ပြိုင်ပွဲ ပြန်စမယ်ဆိုရင် လီဗာပူးအသင်းဟာ ပရီမီယာလိဂ်ဖလားချန်ပီယံဖြစ်ဖို့ ရာနှုန်းပြည့်နီးပါး သေချာမှာဖြစ်သလို ပြိုင်ပွဲပြန်မစဖြစ်ဘူးဆိုရင်လည်း နောက်ဆုံးရလဒ်နဲ့ ချန်ပီယံအသင်းကို ကြေညာဖို့အတွက် နည်းလမ်းတစ်ခု ရှာဖွေနေဆဲဖြစ်တဲ့အတွက် လက်ရှိအနေအထားအရ လီဗာပူးအသင်းဟာ ချန်ပီယံအသင်းဖြစ်လာမှာ ဖြစ်တယ်လို့ ယူအီးအက်ဖ်အေအကြီးအကဲ စီဖာရင်က ပြောကြားခဲ့ပါတယ်။

ငွေကြယ်