Pool 9 Ball အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ မြန်မာ ကစားသမား ဖုန်းမြင့်ကျော် ဆီမီးဖိုင်နယ်တက်ရောက် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် နေသွေးဦး ငွေတံဆိပ်သာရရှိ

၉ ဒီဇင်ဘာ

 

အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ Pool 9 Ball အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲများကို ယနေ့နံနက်ပိုင်းက ဆက်လက်ကျင်းပရာ မြန်မာကစားသမား ဖုန်းမြင့်ကျော် (ခ) မောင်မောင် သည် ဗီယက်နမ်ကစားသမား (၉-၇) ပွဲဖြင့် အနိုင်ရကာ ဆီမိးဖိုင်နယ် တက်ရောက်ခဲ့သည်။

 

ဆီမီးဖိုင်နယ်ပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်အနိုင်ရပါက ဗိုလ်လုပွဲကို ညနေပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ယနေ့မွန်းလွဲ ၁ နာရီက မနီလာဟိုတယ်၌ ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် နေသွေးဦး (မြန်မာ) နှင့် ပီတာဂေးလ်ခရစ် (စင်ကာပူ) တို့ တွေ့ဆုံခဲ့ပြီး ပီတာဂေးလ်ခရစ်က သုံးပွဲပြတ် အနိုင်ရခဲ့သည်။ ပီတာဂေးလ်ခရစ်သည် ဆီးဂိမ်းစ် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ငါးကြိမ်ဆက် ရွှေတံဆိပ် ရယူထားသူဖြစ်ပြီး နေသွေးဦးအနေဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့သော်လည်း ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ နေသွေးဦးသည် ပထမပွဲငယ်တွင် အနိုင်ရနိုင်သည့် အနေအထားမျိုး ရှိခဲ့သလို ဒုတိယနှင့် တတိယပွဲငယ်တွင်လည်း အမှတ်ပြန်လိုက်နိုင်သည့် အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်သောကြောင့် နစ်နာခဲ့ရသည်။ ပီတာဂေးလ်ခရစ်သည် နေသွေးဦးကို ၁၀၀-၆၁ မှတ်၊ ၁၀၁-၄၃ မှတ်၊ ၁၀၀-၅၁ မှတ်ဖြင့် သုံးပွဲပြတ်အနိုင်ယူကာ တစ်ဦးချင်း ရွှေတံဆိပ်ဆုကို ခြောက်ကြိမ် ဆက်တိုက် ရယူနိုင်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့် (ခေတ္တ-မနီလာ)