ပျဉ်းမနားမြို့နယ်၌ ရွှေထည်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရွှေထည်လုပ်ငန်းရှင်းများအား အခွန်ထမ်းဆောင်ရာတွင် ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ အခွန်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၄ ရက် ညနေ ၃ နာရီတွင် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(စုပေါင်းရုံး)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ နေပြည်တော် အခွန်ဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး သူရဦးထင်ကျော်မိုးက အခွန်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။
 
 
ထို့နောက် ပျဉ်းမနားမြို့နယ် အခွန်ဦးစီးဌာန ဦးစီးမှူး ဦးမြင့်သူမှ ရွှေထည်လုပ်ငန်းရှင်များအား အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်းရာ ကိစ္စများကို ရှင်းလင်းရာတွင် ရွှေထည်လုပ်ငန်းရှင်များအနေဖြင့် ပြေစာစာအုပ်များထားရှိရန်၊ အရောင်းပြေစာများအပေါ် အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ပေးရန်၊ လုပ်ငန်းပမာဏနှင့် လျော်ညီသည့် အခွန်ရရှိရေးအတွက် အခွန်အမှတ်တံဆိပ်များ အပြည့်အ၀ ထုတ်ယူရန်၊ ကောက်ခံရရှိသည့် အခွန်များ လစဉ်လဆန်း(၁၀)ရက်အတွင်း ပေးဆောင်ရန်၊ ပျက်ကွက်မှုအပေါ်မူတည်၍  ဒဏ်ငွေတပ်ရိုက်မည့် ကိစ္စရပ်များကို သတင်းပေးတိုင်းကြားခြင်း၊ သတင်းပေးသူအား ဆုငွေချီးမြှင့်ခြင်းနှင့် အခွန်တိုးတက် ကောက်ခံရှိရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် ကိစ္စများကို ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်းဖြေကြားပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရွှေထည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
 
စိုးမိုး(ပြန်/ဆက်)