ပဉ္စမအကြိမ် အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ  ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် မေ ၁၁

ပဉ္စမအကြိမ် အာဆီယံ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်း မွန်သော ထုတ်လုပ်မှုကျင့်စဉ်သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ကျန်းမာ ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌ များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဉီးစွာပြည်ထောင်စုဝန်ကြီးက မျက်မှောက်ကာလတွင် တိုင်းရင်းဆေးဝါးများ ထုတ်လုပ် ဖြန့်ဖြူးမှုအပိုင်းနှင့်  တိုင်းရင်းဆေးဝါးများကို အများပြည်သူလူထု၏ မှီခိုအားထားမှုသည် ပိုမိုတိုးတက်ဖြစ်ထွန်းလာနေသည်ကို မိမိတို့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံများတွင်ပါ တွေ့မြင်နေကြပြီဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် မြန်မာ့တိုင်းရင်း ဆေးဝါးများ အရည်အသွေး မြင့်မားလာစေရေးနှင့် အာဆီယံဒေသတွင်း နိုင်ငံများတွင်သာမက ကမ္ဘာ့အဆင့်မီ ရင်ပေါင် တန်းနိုင်ရေးကို ရှေးရှု၍ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် အပါအဝင် လိုအပ်သော စည်း မျည်းစည်းကမ်းများ၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ သင်တန်းများ ပို့ချခြင်းတို့ကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ 

တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)အများစုဖြစ်ကြောင်း၊  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များသည် နိုင်ငံ၏စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (Gross Domestic Product-GDP) ကိုတိုးတက်စေပြီး နိုင်ငံတော်မှလည်း အထူးအားပေးလျက်ရှိသည့် အတွက် မိမိတို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အထူးကြိုးစားဆောင်ရွက်စေလိုကြောင်း၊ 

ယခုသင်တန်းမှ ပို့ချချက်များကိုလေ့လာပြီး ရရှိသည့်အတွေ့အကြုံများပေါ် အခြေခံ၍  မိမိတို့တစ်နိုင်တစ်ပိုင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများတွင် ကုန်ကြမ်းမှစ၍ ကုန် ချောတိုင်အောင် ဘေးဥပဒ်ကင်းရှင်းပြီး စစ်မှန်သောအရည်အသွေးကိုအာမခံနိုင်သော၊ အာနိ သင်ပြည့်ဝသော တိုင်းရင်းဆေးဝါးများကို ကောင်းမွန်သော တိုင်းရင်းဆေးဝါးထုတ်လုပ်မှု ကျင့်စဉ်ပါ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ပြီး ဒေသတွင်းသာမက နိုင်ငံတကာအထိ တင်ပို့နိုင်အောင် ဦးတည်ဆောင်ရွက် သွားနိုင်ကြပါစေဟု  ဆန္ဒပြုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို တိုင်းရင်းဆေးပညာဦးစီးဌာနက ဦးစီးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆေးဝါးစက်ရုံ(အင်းစိန်)တို့ နှင့် ပူးပေါင်းဖွင့် လှစ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်(၈)ခုရှိ ပုဂ္ဂလိက တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း(၃၅)ခုတို့မှ လုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံ(မန္တလေး)နှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးများအပါအဝင် စုစုပေါင်းသင်တန်းသား (၅၁)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ (၁၁)ရက်မှ (၁၆)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်