ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Fever Clinic ဖွင့်လှစ်ထားရှိ

ပန်းတနော်  ၆  မေ

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ Fever Clinic ဆေးခန်းကို မြို့နယ်ဆရာဝန်​ကြီး၏ လမ်းညွှန်မှုဖြင့် မေ  ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ကာလအတွင်း ဘာကြောင့်ပဲဖျားဖျား ဆေးရုံကြီး၏ အရေးပေါ်ဌာနကို ချက်ချင်းမသွားဘဲ Fever Clinic ဆေးခန်းမှာ သွားရောက်ပြသခြင်းဖြင့် လူအများနဲ့ ထိတွေ့မှုကို လျှော့ချနိုင်မည့်အပြင် ဆေးရုံတက်နေတဲ့လူနာတွေဆီ၊ ရောဂါအခံရှိသူတွေဆီ ကူးစက်နိုင်မှုကိုလည်း လျှော့ချနိုင်ဖို့အတွက် ပန်းတ​နော်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဖျားနာလူနာကုဆေးခန်း Fever Clinic အား အမြန်ဆုံးဖွင့်နိုင်ရေးအတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပန်းတနော်မြို့နယ် ကျန်းမာရေး အထောက်အကူပြုကော်မတီမှ ကိုသက်ပိုင်က ပြောကြားသည်။

 

ကျန်းမာရေးအတွက် ဆေးခန်းလာပြသူများအနေဖြင့် တစ်ဦးနဲ့တစ်ဦး ရောဂါပိုးကူးစက်မှုမရှိရအောင်​ ဆေးခန်း အဝင်အဝတွင် ခြေနင်းလက်ဆေးဘေစင်များ ပြုလုပ်ပေးထားခြင်း၊ ဆေးခန်းအတွင်း ဝင်ရောက်ချိန် Mask မပါရှိပါက Mask များ ဝေမျှပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေ​အကွာတွင် ရှိစေရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

အဆိုပါ Fever Clinic ဆေးခန်းကို မနက် ၉ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအတွင်းနှင့် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲအတွင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)