ပြွန်တန်ဆာမြို့တွင် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ ဒေသခံ ၂၅၀ ကျော်အား ကျန်းမာရေးအခမဲ့စစ်ဆေးပေးခြင်းနှင့် အသိပညာပေးဟောပြော

ပြွန်တန်ဆာ ၁ မေ
 
ဒေသခံပြည်သူများကျန်းမာရေး အသိပညာများတိုးပွား၍ မိမိကိုယ်ကို ကျန်းမာအောင်နေထိုင်တတ်စေရန် အတွက် အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသခြင်းများကို ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့သာသနသော ဘဏိကာရုံ(ပင်းတလဲ)ကျောင်းတိုက်၌ ယနေ့နံနက် ၇ နာရီမှ ညနေပိုင်းအထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

20190

 

ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာရင်ရင်ထွန်းက ကင်ဆာရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများကိုလည်းကောင်း၊ အထွေထွေသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်က ကင်ဆာမဖြစ်ပွားစေရန်အတွက် လိုက်နာရမည့်အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားကာ ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းမှအဖွဲ့ဝင်များနှင့်ဆရာဝန်ကြီးများက ဆယ်ဦးတစ်ဖွဲ့စီခွဲ၍ ကင်ဆာရောဂါနှင့် ပတ်သက်ပြီး အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များနှင့် အထူးကုဆရာဝန်ကြီးများဖြစ်ကြသော သားအိမ်ခေါင်းကင်ဆာဆရာဝန် ဒေါက်တာယဉ်ယဉ်ဇော်၊ ခံတွင်းကင်ဆာဆရာဝန်ကြီး ဒေါက်တာဆွေဆွေဝင်း၊ ကလေးအထူးကု ဆရာဝန်ကြီးဒေါက်တာညိုညိုထွန်းနှင့် ဒေါက်တာတင်မျိုးနှင်း၊ အရိုးအကြောကျွမ်းကျင် ပညာရှင် ဒေါ်မိမိရီနှင့် ဒေါက်တာသိန်းသိန်းဌေးတို့က အသက်(၂၀)နှစ်အထက် အမျိုးသမီးများအား ရင်သား စမ်းသပ်နည်းသင်ပေးခြင်းနှင့် စမ်းသပ်ပေးခြင်း၊ အသက် ၃၀ နှင့် ၅၀ နှစ်ကြား အိမ်ထောင်သည် အမျိုးသမီးများအား သားအိမ်ခေါင်း စမ်းသပ်စစ်ဆေးပေးခြင်းနှင့် လိုအပ်သူများကို Cryotherapyဖြင့် ကုသပေးခြင်း၊ ကွမ်းစားသူ အမျိုးသား၊အမျိုးသမီးများအား ခံတွင်းစမ်းသပ်စစ်ဆေး ပေးခြင်း၊ ကင်ဆာရောဂါအထူးကု ဆရာဝန်ကြီးနှင့်ပြသတိုင်ပင်ခြင်း၊ကလေးအထူးကုဆရာဝန်ကြီးနှင့် ပြသတိုင်ပင်ခြင်း၊ အသည်းရောင်ဘီပိုးစစ်ဆေးပေးခြင်း၊သွေးချိုစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊  အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် အထွေထွေရောဂါများ စစ်ဆေးကုသခြင်းများ ဒေသခံပြည်သူ (၂၅၀)ကျော်ခန့်အား အခမဲ့ ဆောင်ရွက်ပေးနိင်ခဲ့ကြောင်းသိရသည်။ 

နေလင်း(ညောင်လေးပင်)