ပြွန်တန်ဆာမြို့တွင် ခြင်ဆေးခွေ အိပ်ရာဘေးထွန်းထားရာမှ ခြင်ထောင်မီးစွဲ၍ နေအိမ်မီးလောင်မှုဖြစ်ပွား

ပြွန်တန်ဆာ ၂၁  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၉ နာရီခန့်က ခြင်ဆေးခွေမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပြွန်တန်ဆာမြို့  မြို့မ (၂)ရပ်ကွက် ကန်ရှေ့လမ်းနေ ဒေါ်ငယ် (ခ)ဒေါ်သန်းသန်းအေး နေအိမ်တွင် ခြင်ဆေးခွေကို အိပ်ရာဘေးတွင် ထွန်းထားခဲ့ပြီး ဈေးသွားဝယ်ရာမှ  အနီးရှိခြင်ထောင်အား မီးစွဲ၍  စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

 

မီးလောင်ရာသို့ ညောင်လေးပင်မြိုနယ် မီးသတ်ဦးစီးမှူး ဦးသိန်းထိုက် ပါ ၁၄ဦး၊ ပြွန်တန်ဆာမီးသတ်ဦးစီးဌာနမှ ဒုဦးစီး ရဲမင်းနိုင်ပါ ၁၁ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် သုံးစီး ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ ပြွန်တန်ဆာနယ်မြေရဲစခန်းမှူး ရဲအုပ် စိုးသိန်းနှင့် တပ်ဖွဲ့ဝင်များ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ  ၉နာရီ ၁၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ သုံးပင်ပတ်လည် သွပ်မိုး ထရံကာ ပျဉ်ခင်းနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

သက်လွင် (ညောင်လေးပင်)

 

mdn