ပြန်ပေးဆွဲခံရမှု ပြဿနာကို ဖြေရှင်းရေးမှာ ဂျပန်အစိုးရ၏ ဦးစားပေးလုပ်ငန်းတာဝန်ဟု ဝန်ကြီးချုပ် ဆူဂါ ကတိပြု

တိုကျို ၂၅ အောက်တိုဘာ

ဂျပန်နိုင်ငံသားများအား မြောက်ကိုရီးယားနိုင်ငံမှ ပြန်ပေးဆွဲခံရသည့် ပြဿနာကို ဖြေရှင်းရေး အတွက် အစိုးရဘက်မှ အစွမ်းကုန် ကြိုးပမ်းမည်ဖြစ်သလို အစိုးရ၏ ဦးစားပေးအရေးကိစ္စအဖြစ် ဆက်လက်ထည့်သွင်းထားကြောင်း ဝန်ကြီးချုပ်ဆူဂါက ယမန်နေ့က ယိုကိုဟာရှီဂီရူ၏ အောက်မေ့ ဖွယ်အခမ်းအနား၌ ကတိပြုပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လက်ရှိ အစိုးရအဖွဲ့ဝင်များအားလုံးအပြင် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၊ အာဏာရပါတီနှင့် အတိုက်အခံပါတီတို့မှ တာဝန်ရှိသူများ၊ ပြန်ပေးဆွဲခံရသူများ၏ မိသားစုဝင်များ တက်ရောက်ခဲ့သည်။

ယိုကိုဟာရှီဂီရူမှာ ၁၉၇၀ ပြည့်နှစ်တွင် မြောက်ကိုရီးယားနိုင်ငံက ပြန်ပေးဆွဲခဲ့သည့် မီဂူမီ၏ ဖခင်ဖြစ်ကာ ယခုနှစ်ဇွန်လက သေဆုံးခဲ့သည်။ ဂျပန်နိုင်ငံသားများ ပြန်ပေးဆွဲခံနေရသည့် ပြဿနာများကို ဖြေရှင်းရေးမှာ ယခင် ရှင်ဇိုအာဘေး အစိုးရ၏ အထူးဦးစားပေး ကိစ္စရပ်ဖြစ်သလို ဆူဂါအစိုးရလက်ထက်တွင်လည်း ထိပ်တန်းဦးစားပေးလုပ်ငန်းအဖြစ် ဆက်လက်ရှိနေမည်ဖြစ် သည်။ ဖြေရှင်းရေးအတွက် နည်းလမ်းကို ရှာဖွေမည်ဖြစ်သလို မီဂူမီအပါအဝင် ပြန်ပေးဆွဲခံရသူ များကို ဂျပန်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆူဂါက ကတိပြု ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း အာဘေးက ရှီဂီရုမှာ ၎င်း၏သမီး မီဂူမီကို ပြန်လည်ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းခဲ့ကြောင်း၊ ပြန်ပေးဆွဲခံရသူများအား ဂျပန်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေး လှုပ်ရှားမှု၌ ရှီဂီရူကို ဦးစီးဦးဆောင်ပြုရန် ဝန်ထုပ်ဝန်ပိုးပေးခဲ့မိသဖြင့် မိမိအနေဖြင့် စိတ်မကောင်း ၊ ဖြစ်ရပါကြောင်း ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊

ဘာသာပြန်-မေလဲ့သင်း