ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်ခံရလို့ ဩစတြေးလျအိုးပင်းပြိုင်ပွဲနဲ့ လွဲခဲ့ရတဲ့ ဂျိုကိုဗစ်

ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ လက်ရှိအမျိုးသားတစ်ဦးချင်းချန်ပီယံ ဂျိုကိုဗစ်ဟာ ဩစတြေးလျ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ရရှိရေး ဗီဇာလျှောက်ထားရာမှာ ငြင်းပယ်ခံခဲ့ရတာကြောင့် ပြိုင်ပွဲနဲ့ လွဲခဲ့ရပြီး လာရာလမ်းအတိုင်း လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်ရရှိခဲ့ပြီးဖြစ်တာကြောင့် ဒူဘိုင်းကနေ ၁၄ နာရီကြာ လေယာဉ်စီးပြီး ဇန်နဝါရီ ၅ ရက် ည ၁၁ နာရီမှာ မဲလ်ဘုန်းမြို့လေဆိပ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ရဲ့ ဗီဇာလျှောက်ထားချက်ကို ထောက်ခံပေးဖို့ ဗဟိုအစိုးရကနေတစ်ဆင့် တောင်းဆိုခဲ့ပေမယ့် ဗစ်တိုးရီးယားပြည်နယ်အစိုးရက ဂျိုကိုဗစ်ရဲ့ ဗီဇာကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒေသန္တရစည်းမျဉ်းတွေအရ ဗစ်တိုးရီးယားပြည်နယ်ကို ဝင်ရောက်ဖို့ဆိုရင် ခရီးသည်အားလုံးဟာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးစီးဖို့ လိုအပ်မှာဖြစ်ပေမယ့် ဂျိုကိုဗစ်ဟာ ကာကွယ်ဆေးထိုးနှံပြီး၊ မပြီးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂျိုကိုဗစ်၊ ရာဖေးလ်နာဒယ်နဲ့ ရော်ဂျာဖက်ဒဲရာတို့ဟာ ဂရန်းဆလမ်းဆုဖလားကို အကြိမ် ၂၀ စီ ရရှိထားတာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ဩစတြေးလျအိုးပင်းပြိုင်ပွဲနဲ့ လွဲခဲ့ရပြီဖြစ်တာကြောင့် ရာဖေးလ်နာဒယ်နဲ့ ရော်ဂျာ ဖက်ဒဲရာတို့ဟာ ၂၁ ကြိမ်မြောက် ဂရန်းဆလမ်းဆုဖလားကို ရရှိနိုင်မယ့်အခွင့်အရေးနဲ့ နီးစပ်နေခဲ့ပြီ ဖြစ်ပါတယ်။

ငွေကြယ်