ပြည်တွင်း၌ ကုလားပဲခြမ်းများ အဝယ်လိုက်သော်လည်း ဈေးကျ

မန္တလေး ၅  ဧပြီ

 

ပြည်တွင်း၌ ကုလားပဲခြမ်းများ အဝယ်များနေသော်လည်း ပဲသစ်ပေါ်ချိန်ဖြစ်ပြီး သီးနှံလှိုင်လှိုင် ပေါ်နေသည့်အတွက် ဈေးနှုန်းကျနေကြောင်း မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေး ကုန်စည်ဒိုင်)မှသိရသည်။

 

" ကုလားပဲခြမ်းတွေကို နယ်တွေကလည်း အော်ဒါတွေ များတယ်၊ တကယ်လို့ Lock Down လုပ်ခဲ့ရင် ပဲခြမ်းက အထားခံတယ်ဆိုပြီးတော့ ပိုဝယ်ကြတာ၊ အဲဒါကြောင့် ပဲခွဲစက်တိုင်းလိုလို အော်ဒါတွေပြည့် နေတယ်၊ ဒါပေမယ့် ပဲသစ်ပေါ်ချိန်ဖြစ်တဲ့အတွက် တောင်သူတွေက နေ့တိုင်းလာရောင်းတယ်၊ ကုန်စည် ဒိုင်မှာ တစ်ရက်ကို ကုလားပဲတွေအိတ်ထောင်ချီပြီး အလုပ်ဖြစ်တယ်၊ အခုက ရာသီလှိုင်လှိုင် ပေါ်ချိန်ဆိုတော့ တောင်သူတွေအတွက်လည်း တစ်ဖက်မှာငွေဖြစ်တယ်၊ စားသုံးသူတွေအတွက်လည်း ဈေးမတက်ဘဲ ရိက္ခာဖြည့်ပြီးသားဖြစ်တယ်"ဟု မန္တလေးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။

 

ယခင်က ထိုင်ဝမ်ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ရှစ်သောင်းကျပ်ရှိပြီး ယခု ခြောက်သောင်း လေးထောင်ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း၊ ယခင် V2 ကုလားပဲ တစ်အိတ်လျှင် ရှစ်သောင်းကျပ်ရှိပြီး ယခု တစ်အိတ်လျှင် ငွေကျပ် ၆၄၀ဝ၀ ဈေးသာရှိကြောင်း သိရသည်။          

 

ထိပ်ထားနိုင်