ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံစိုက်ပျိုးရာတွင် သတိပြုဖွယ်ရာများ

နန်းပပဝင်း (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ဧရိယာသည် စုစုပေါင်းသီးနှံစိုက်ဧရိယာ၏ ၁၆ ဒသမ ၉ ရာခိုင်နှုန်း ရှိပါသည်။ မြန်မာနိုင်ငံတွင် ဆီစားနေကြာကို ၁၉၇၆-၇၇ ခုနှစ်ခန့်ကစ၍ စိုက်ပျိုးခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ လမ်းညွှန်ချက်များချမှတ်ပြီး စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီကို ဖွဲ့စည်းကာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန် (၉)  ရပ်ကို  ချမှတ်ခဲ့ပါသည်။  ၎င်းလုပ်ငန်းတာဝန်များအနက် နေကြာကို လာမည့်နှစ်တွင် ဧက ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထား၍ စည်းရုံးဆောင်ရွက်ရန်နှင့် စိုက်ဧက ၄ ဒသမ ၀ သန်းအထိ ရောက်ရှိရေး စီမံဆောင်ရွက်ရမည်ဖြစ်ပါသည်။ နေကြာသီးနှံသည် မြန်မာနိုင်ငံ၏ အဓိကဆီထွက်သီးနှံများတွင် တစ်မျိုးအပါအဝင်ဖြစ်သောကြောင့် နေကြာဆီထုတ်လုပ်နိုင်‌ရေး  အလေးထားဆောင်ရွက်ရန် လိုအပ်လာပါသည်။

 မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုအခြေအနေ အရ နေရာဒေသအများစုတွင် နေကြာသီးနှံ စိုက်ပျိုး ဖြစ်ထွန်းနိုင်ကြောင်း   တွေ့ရှိရပါသည်။   နေကြာ သီးနှံသည် အခြားဆီထွက်သီးနှံများနှင့် နှိုင်းယှဉ် ကြည့်ပါက  စိုက်ပျိုးရလွယ်ကူပြီး  စိုက်ပျိုးသည့် ကုန်ကျစရိတ်   သက်သာသည့်အပြင်   တစ်ယူနစ် ဧရိယာမှထွက်ရှိသည့်  ဆီထွက်နှုန်းပိုမိုရရှိမှု သေချာ သည့် သီးနှံဖြစ်ပါသည်။ စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်    ရရှိနိုင်သည့်      သီးနှံဖြစ်သလို ပြည်တွင်း စားသုံးဆီဖူလုံရေး၊ စိုက်ပျိုးသူတောင်သူ များ ဝင်ငွေတိုးတက်ရရှိရေး၊ အစားအစာဘေးကင်း လုံခြုံရေးတို့ကို  ရှေးရှု၍  နေကြာသီးနှံကို  လက်ရှိ စိုက်ပျိုးနေသည့် ဧရိယာထက် ပိုမိုတိုးချဲ့စိုက်ပျိုး သင့်ပါသည်။ 

နေကြာသီးနှံ       စိုက်ပျိုးထုတ်လုပ်ရာတွင်  စိုက်ဧရိယာတိုးချဲ့ရန်နှင့်    တစ်ယူနစ်     ဧရိယာမှ အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန်လည်း  လိုအပ်ပါသည်။ နေကြာသီးနှံ တစ်ယူနစ် ဧရိယာမှ အထွက်နှုန်းတိုးတက်အောင်   ဆောင်ရွက်ရာ၌ နေကြာစိုက်ပျိုးသူ တောင်သူများအနေဖြင့် သိရှိ လိုက်နာဆောင်ရွက်သင့်သည့် နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ 

နေကြာသီးနှံတွင် စိုက်ပျိုးရန်   
သင့်လျော်သည့် သီးနှံပုံစံများ

နေကြာသီးနှံကို သီးသန့်၊ သီးထပ်နှင့် သီးညှပ် အဖြစ် စိုက်ပျိုးလေ့ရှိကြပါသည်။ 
(က) သီးသန့်စိုက်ပျိုးခြင်း
-     နေကြာသီးနှံကို တစ်နှစ်လျှင် တစ်ရာသီ သာ    စိုက်ပျိုးနိုင်သော   ဒေသများတွင်   သီးသန့်စိုက်ပျိုးလေ့ရှိကြပါသည်။
(ခ) သီးထပ်စိုက်ပျိုးခြင်း
၁။    စပါးပြီး သီးထပ်စိုက်ပျိုးခြင်း- သက်လျင်၊ သက်လတ်စပါးမျိုးများ ရိတ်သိမ်းအပြီး မြေအစိုဓာတ်     မခြောက်မီ      ထယ်ထိုး ထွန်ယက်၍  စိုက်ပျိုးခြင်းနှင့်  စပါးရိတ် သိမ်းပြီး တစ်ပြိုင်နက် ကျင်းတူးစိုက်ပျိုး လေ့ရှိကြပါသည်။   (ထယ်ရေးထွန်ရေး ပြုလုပ်ရန်မလိုဘဲ   စိုက်ပျိုးခြင်း    ဖြစ်ပါ သည်။
၂။    ယာသီးနှံ (မိုးမြေပဲ၊ နှမ်းလျင်၊ သက်လျင် ပဲတီစိမ်း၊   ပြောင်းဖူး)တို့    ရိတ်သိမ်းပြီး နောက်  သီးထပ်စိုက်ပျိုးကြခြင်း ဖြစ်ပါ သည်။
(ဂ) သီးညှပ်စိုက်ပျိုးခြင်း
သီးညှပ် စိုက်ပျိုးမည်ဆိုပါက နေကြာကို ဂျုံ၊ ပဲတီစိမ်း၊ ကြံ၊ ပဲစင်းငုံတို့ တန်းကြားတွင် ညှပ်၍ စိုက်ပျိုးလေ့ရှိပါသည်။ 
-    မိုးဦးသီးနှံများ (ချည်မျှင်ရှည်ဝါ၊ သက်လျင် ပဲတီစိမ်း၊   မိုးဦးနှမ်းလျင်)တို့   စိုက်ပျိုး ပြီးနောက်  ဂျုံနှင့် သီးညှပ်စိုက်ပျိုးနိုင်ပါ သည်။ ဂျုံ လေးတန်း နေကြာတစ်တန်းတွင် စိုက်ပျိုးရပါမည်။
-     ပဲတီစိမ်းနှင့် သီးညှပ်စိုက်ပျိုးမည်ဆိုပါက ပဲတီစိမ်းလေးတန်း  နေကြာတစ်တန်းတွင် စိုက်ပျိုးရပါမည်။ 
-     ကြံနှင့် သီးညှပ်စိုက်ပျိုးမည်ဆိုပါက ကြံပင် နှစ်တန်းကြားတွင်      နေကြာတစ်တန်း စိုက်ပျိုးရပါမည်။ 
-    ပဲစင်းငုံနှင့်     သီးညှပ်စိုက်ပျိုးမည်ဆိုပါက ပဲစင်းငုံနှစ်တန်းကြားတွင်          နေကြာ တစ်တန်း  စိုက်ပျိုးရပါမည်။ 
     (သီးညှပ်စိုက်ပျိုးရာတွင်      နေကြာကို တစ်ပင်နှင့်တစ်ပင် တစ်ပေအကွာ စိုက်ပျိုး ရပါမည်။)
သီးထပ်စိုက်ပျိုးခြင်းသာမက ကုလားပဲကဲ့သို့ သီးနှံများနှင့်လည်း   နေကြာကိုရော၍    သီးရော အဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။ 

နေကြာသီးနှံ အထွက်တိုးစေရန် 
ဆောင်ရွက်ရမည့် နည်းလမ်းများ

နေကြာသီးနှံအထွက်တိုးစေရန် ဆောင်ရွက် ရမည့်    နည်းလမ်းများမှာ     အောက်ပါအတိုင်း ဖြစ်ပါသည်။ 
၁။    အပင်ပေါက်ရာခိုင်နှုန်း ၈၀ နှင့်အထက်ရှိသော မျိုးကောင်းမျိုးသန့်၊ စပ်မျိုး(F1) ကို အသုံးပြုရန်၊
၂။    မျိုးစေ့ဆောင်နှင့်      မြေဆောင်ရောဂါများ၊  မြေတွင်းအောင်းပိုးများ ကျရောက်မှုမှ ကာကွယ်ရန် မျိုးစေ့ကို မှိုသတ်ဆေး (ဥပမာ- တော့ပ်ဆင်၊ ဟိုမှိုင်း) သို့မဟုတ် ပိုးသတ်ဆေး (ဥပမာ- အေမီဒါ ကလိုပစ် ၇၀ ရာခိုင်နှုန်း၊ ဂေါ်ချို )  တစ်မျိုးမျိုးနှင့်   လူးနယ် စိုက်ပျိုးရန်၊ 
၃။    မိုးရာသီတွင်    မေလမှ    ဇွန်လအတွင်းနှင့် မိုးနှောင်းရာသီတွင် စက်တင်ဘာလမှ အောက်တို ဘာလအတွင်း စိုက်ပျိုးရန်၊
၄။     မြေပြင်ရာတွင်  ထယ်ရေးနက်နက်၊  ထွန်ရေး ညက်ညက်ရရှိအောင် ဆောင်ရွက်ရန်၊
၅။    တစ်ဧကတွင်  အပင်ရေ  ၂၉၀၀၀  ရရှိအောင် တန်းကြား ၊ ပင်ကြား  (၂ ပေ  x ၉ လက်မ) ထား၍  စိုက်ပျိုးရန်၊
၆။    မျိုးစေ့ကို (၁ ဒသမ ၅ လက်မ- ၂ လက်မ) အနက်တွင် တစ်ကျင်းလျှင် နှစ်စေ့နှုန်း စိုက်ပျိုးရန်၊
၇။    မြေပြင်ချိန်တွင်   တစ်ဧကလျှင်  သဘာဝ မြေဩဇာ   ငါးတန်   (နွားလှည်း  ၁၀  စီးခန့်)၊  ယူရီးယား ၁၁၂  ပေါင်၊  တီစူပါ ၅၆ ပေါင်နှင့် ပိုတက်ရှ် ၅၆ ပေါင် ထည့်သွင်းပေးရန်၊
၈။    အပင်ပေါက်စုံပြီး    ၁၄    ရက်သားတွင် တစ်ကျင်း တစ်ပင်ချန်၍ သားခွဲရန်၊ 
၉။    အပင်ငယ်စဉ်တွင်  ပေါင်းမြက်ကင်းစင်အောင်  ဆောင်ရွက်ရန်၊
၁၀။    အဖူးဝင်ချိန်    (၂၅-၃၀)  ရက်သားခန့်တွင် တစ်ဧကလျှင်  ယူရီးယား  ၅၆  ပေါင်  ထပ်မံ ထည့်သွင်း၍ ပေါင်တင်ပေးရန်၊
၁၁။     အဖူးဝင်ချိန်  (၃၀-၃၅   ရက်သားခန့်)   နှင့်  ပန်းပွင့်ချိန် (၅၅-၆၀ ရက်သားခန့်) တွင် လိုအပ် ပါက ရေသွင်းပေးရန်၊
၁၂။    မွေးမြူရေးပျားပုံးများတစ်ဧကလျှင် တစ်ပုံး- နှစ်ပုံးထားရှိရန်၊
၁၃။    ဖြုတ်ပိုး၊  ပျပိုး၊  ယင်ဖြူ၊ ပိုးနဂါး၊ ခူမွေးရှည်၊  နေကြာပွင့်စားပိုး စသည့်ပိုးများ ကျရောက်ပါက  အလန်း၊ ဆိုက်ပါမီသရင်(သန်းဒါး)၊ ဒိုင်မီသိုအိတ် စသည့်    ပိုးသတ်ဆေးများနှင့်    ကြွက်ဖျက်ဆီး ပါက     ဟက်ပီးကြွက်သတ်‌ဆေးနှင့်      ငှက် (ကြက်တူရွေး) ကျရောက်ပါက လူဖြင့်ခြောက်လှန့်  ကာကွယ်ရန်၊
၁၄။    ပင်ခြေပုပ်ရောဂါ၊ ရွက်ပြောက်ရောဂါ၊ သံချေး တက်ရောဂါ၊ ကြပ်ခိုးပုပ်ရောဂါ၊ ပင်စည်ပုပ်ရောဂါ  စသည်တို့ကျရောက်ပါက ဖိုင်းယား၊ အေမီစတား၊ အေဇိုဗင်၊     အေပီဂျီပလပ်စ်   စသောမှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်ရန်၊ 
၁၅။    နေကြာပွင့်နောက်ကျောဘက်   အဝါရောင် သန်းချိန် (အပင်သက်တမ်း ၈၀-၈၅ ရက်ခန့်) တွင်  အချိန်မီရိတ်သိမ်းရန်၊
၁၆။    ရိတ်သိမ်းပြီး အပွင့်များအား နှစ်ရက်- သုံးရက် လှန်း၍ ခြွေလှေ့သန့်စင်ပါ။  ရရှိလာသော အစေ့များ အား နှစ်ရက်-သုံးရက် နေလှန်းအခြောက်ခံပြာတီး၍  အစိုဓာတ် ၇-၉ ရာခိုင်နှုန်းတွင် သိုလှောင်သွားရန်၊
အထက်ဖော်ပြပါ    အချက်များကို     လိုက်နာ ကျင့်သုံးမည်ဆိုပါက    နေကြာသီးနှံ      တစ်ဧက မျှော်မှန်းအထွက်နှုန်းကို ရရှိနိုင်မည်ဖြစ်ပါသည်။

နေကြာသီးနှံအထွက်နှုန်း    လျော့နည်းရသည့်  အကြောင်းရင်းများ

နေကြာသီးနှံတွင်     သဘာဝဝတ်မှုန်ကူးမျိုး (ဆင်းရွှေကြာ-၂)နှင့်     စပ်မျိုးနေကြာမျိုးများ (‌ရေဆင်းစပ်မျိုး-၁၊ ‌  ရေဆင်းစပ်မျိုး-၂)    တို့ကို တောင်သူအများစု ‌ စိုက်ပျိုးကြပါသည်။   သဘာဝ ဝတ်မှုန်ကူးမျိုး (ဆင်းရွှေကြာ-၂) သည် တစ်ဧက အထွက်နှုန်း ၂၅-၃၀ တင်းနှင့်  စပ်မျိုးနေကြာမှာ ၅၀-၅၅   တင်း  ထွက်ရှိနိုင်ပါသည်။   သို့သော် လက်ရှိတွင် အချို့သောတောင်သူများမှာ မျှော်မှန်း အထွက်နှုန်း ရရှိသော်လည်း အချို့မှာ မရရှိကြောင်း တွေ့ရပါသည်။ 

မျှော်မှန်းအထွက်နှုန်းမရရှိရသည့် အကြောင်း ရင်းများကို   လေ့လာရာတွင်  မျိုးကောင်းမျိုးသန့် သုံးစွဲမှုတွင် စပ်မျိုးများ  စိုက်ပျိုးရာ၌  စပ်မျိုး    F1   မျိုးစေ့ကို သုံးစွဲမှုအားနည်းခြင်း၊ စိုက်ချိန်မှန်ကန်မှု မရှိခြင်း၊ စိုက်ပျိုးမြေကို  မြေဆီဩဇာထက်သန်မှု ရှိအောင် ဆောင်ရွက်မှုအားနည်းခြင်း၊  အစိုဓာတ် မလုံလောက်သောကြောင့်      အပင်ပေါက်မစုံ၍  အပင်ရေ    ‌လျော့နည်းခြင်း၊   အဓိကရေလိုအပ်ချိန် ဖြစ်သော အဖူးဝင်ချိန်နှင့် ပန်းပွင့်ချိန်တွင်  ဖြည့်စွက် ရေ  မပေးသွင်းနိုင်ခြင်း၊    ဖြည့်စွက်ဝတ်မှုန်ကူးရန်   ပျားပုံးများ ထားရှိရန်  လိုအပ်ခြင်း၊ ကြွက်၊ ငှက် ဖျက်ဆီးမှုအန္တရာယ်ကို မကာကွယ်နိုင်ခြင်း၊  ပိုးမွှား၊  ရောဂါ စနစ်တကျကာကွယ်မှုအားနည်းခြင်း စသည် တို့ကို တွေ့ရှိရပါသည်။ 

နေကြာသီးနှံအထွက်နှုန်း   တိုးတက်လာ‌စေရန် အတွက်      ပြုပြင်လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ
၁။    မျိုးကောင်းမျိုးသန့် စပ်မျိုး F1 ကို 
    ရယူသုံးစွဲ စိုက်ပျိုးခြင်း
နေကြာသီးနှံစိုက်ပျိုးရာတွင်    မျိုးကောင်း မျိုးသန့်  စပ်မျိုး  F1  ကို  ရယူသုံးစွဲခြင်းမရှိသည့် အတွက်    အထွက်နှုန်း   လျော့နည်းရပါသည်။ သို့ဖြစ်ပါ၍ တောင်သူအချင်းချင်းမှ ရရှိသောမျိုးများ၊  ပွဲရုံမှရရှိသော မျိုးများကို အသုံးမပြုရန်နှင့်  စိုက်ပျိုး ရေးသုတေသနဦးစီးဌာန၊   စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် မျိုးစေ့ထုတ်တောင်သူအသင်းအဖွဲ့များက ရောင်းချသော စပ်မျိုးများကိုသာ  ရယူစိုက်ပျိုးရန် ဖြစ်ပါသည်။ 
၂။    စိုက်ချိန်မှန်ကန်အောင် စိုက်ပျိုးခြင်း
နေကြာသီးနှံ   ဖြစ်ထွန်းမှု  အကောင်းဆုံးရရှိ စေရန်  မိုးရာသီတွင် မေလမှ ဇွန်လနှင့် မိုးနှောင်း ရာသီတွင် စက်တင်ဘာလမှ အောက်တိုဘာလ အတွင်း     စိုက်ပျိုးရမည်ဖြစ်ပါသည်။      သို့သော် မိုးနှောင်းရာသီတွင် တောင်သူအများစုမှာ မိုးစပါး/ မိုးသီးနှံ    ရိတ်သိမ်းချိန်ပေါ်မူတည်၍     စိုက်ချိန် နောက်ကျသည့်အတွက် ဒီဇင်ဘာလနောက်ပိုင်းမှ စိုက်ပျိုးနိုင်သဖြင့် ပန်းပွင့်ချိန် သို့မဟုတ် အစေ့အဆန်  တည်ချိန် (ဖေဖော်ဝါရီလ - မတ်လ) တွင် မြင့်မား သည့် အပူချိန်နှင့် ကြုံတွေ့ရသည့်အတွက် အထွက် နှုန်းလျော့နည်းရခြင်း  ဖြစ်ပါသည်။  ပန်းပွင့်ချိန်နှင့်  အစေ့အဆန်တည်ချိန်တွင် မြင့်မားသည့် အပူချိန်ကို ရှောင်ရှားနိုင်ရန် မိုးစပါး/ မိုးသီးနှံကို သက်တမ်း တိုသည့်မျိုးများ  ရွေးချယ်စိုက်ပျိုးရန်   လိုအပ်ပါ သည်။
၃။    စိုက်ပျိုးမည့်မြေကို  မြေဆီဩဇာထက်သန်
    အောင် ပြုပြင်ခြင်း
နေကြာသီးနှံ   စိုက်ပျိုးရာတွင်   စိုက်ပျိုးမြေ အမျိုးအစားသည်  အထွက်နှုန်းအပေါ်  လွှမ်းမိုးမှု ရှိသောကြောင့်   သဲနုန်းမြေစေး၊     နုန်းမြေနှင့် သဲနုန်းမြေတို့တွင်    စိုက်ပျိုးရပါမည်။    သို့သော် တောင်သူအများစုမှာ     မိမိလက်ရှိပိုင်ဆိုင်သည့် မြေကို မြေဆီဩဇာထက်သန်အောင် ဆောင်ရွက် လေ့မရှိကြပါ။  သို့ဖြစ်ပါ၍   စိုက်ပျိုးသည့်မြေကို သဘာဝမြေဩဇာများ ပိုမိုထည့်သွင်းပေးခြင်းနှင့် သစ်စိမ်းမြေဩဇာများ စိုက်ပျိုးထည့်သွင်းပေးခြင်း တို့ ဆောင်ရွက်ပါက မြေဆီဩဇာ ထက်သန်လာပြီး အထွက်နှုန်းတိုးတက်လာမည်ဖြစ်ပါသည်။ 
၄။    တစ်ဧကသတ်မှတ် အပင်အရေအတွက် 
    ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်ခြင်း 
တစ်ဧကတွင် အပင်အရေအတွက် ၂၉၀၀၀ ရရှိ အောင်  တန်းကြား၊ ပင်ကြား  (၂ ပေ  x  ၉ လက်မ) ထား၍ စိုက်ပျိုးရမည်ဖြစ်သော်လည်း တောင်သူ အများစုမှာ သတ်မှတ်အပင်အရေအတွက်ရအောင်  စိုက်ပျိုးနိုင်ခြင်းမရှိကြပါ။ ရိတ်သိမ်းချိန်တွင် အပင် အရေအတွက် ၁၈၀၀၀- ၂၀၀၀၀  ခန့်သာရှိသည့် အတွက် အထွက်နှုန်းလျော့နည်းရခြင်း ဖြစ်ပါသည်။ အပင်အရေအတွက် (၅၀၀ - ၆၀၀)  လျော့နည်းပါက အထွက်  တစ်တင်းလျော့နည်းနိုင်သဖြင့် ရိတ်သိမ်း ချိန်တွင် သတ်မှတ်အပင်အရေအတွက် ပြည့်မီပါက  အထွက်နှုန်း ပိုမိုရရှိလာမည်ဖြစ်ပါသည်။ 
၅။    သွင်းအားစုများ သတ်မှတ်နှုန်းထားအတိုင်း 
    ပြည့်မီအောင်ထည့်သွင်းပေးခြင်း
 ထောက်ခံဓာတ်မြေဩဇာနှုန်းထား ယူရီးယား  ၁ ဒသမ ၅  အိတ်၊ တီစူပါ သုည ဒသမ ၅ အိတ်၊ ပိုတက်ရှ်   သုည ဒသမ ၅၀ အိတ်နှင့် ကွန်ပေါင်းနှစ်အိတ်တို့အား ဓာတ်မြေဩဇာထည့်သွင်းရမည့်      အချိန်များ၌   ပြည့်စုံစွာ  ထည့်သွင်းနိုင်မှုမရှိပါ။ တောင်သူအများစု မှာ တစ်ဧကလျှင်  ယူရီးယား သုည ဒသမ ၇၅ အိတ်နှင့်  ကွန်ပေါင်း သုည ဒသမ ၂၅ အိတ်နှုန်းသာ  ထည့်သွင်း နိုင်သဖြင့်  အထွက်နှုန်းလျော့နည်းရခြင်း   ဖြစ်ပါ သည်။   သက်ဆိုင်ရာ   စိုက်ပျိုးရေးဘဏ်များမှ ချေးငွေရယူခြင်း၊  ကန်ထရိုက်လယ်ယာစနစ်နှင့်  ပေါင်းစပ်ဆောင်ရွက်ပေးခြင်းတို့ဖြင့် သွင်းအားစု များ အပြည့်အဝထည့်သွင်းပေးနိုင်မည် ဖြစ်ပါသည်။ 
၆။    အချိန်မီသားခွဲခြင်း
နေကြာစိုက်ပြီး   ၁၄  ရက်သား၌   တစ်ကျင်း တစ်ပင်ချန်  သားခွဲရမည်ဖြစ်ပါသည်။    သို့သော် တောင်သူအများစုသည်   အချိန်မီ     သားခွဲရန် အားနည်းကြောင်း တွေ့ရှိရပါသည်။ အချိန်မီသားခွဲ နိုင်ပါက အပင်များပုံမှန်ကြီးထွားပြီး အပွင့်အရွယ် အစားကြီးမားကာ အထွက်နှုန်း တိုးတက်လာမည် ဖြစ်ပါသည်။ 
၇။    ဖြည့်စွက်ရေ ပေးသွင်းခြင်း
နေကြာသီးနှံ    စိုက်ပျိုးသည့်    သက်တမ်း တစ်လျှောက် အစိုဓာတ်လုံလောက်မှုရှိရမည် ဖြစ်ပါ  သည်။  အဖူးဝင်ချိန်  (၃၀-၃၅ ရက်သားခန့်)နှင့် ပန်းပွင့်ချိန် (၅၅-၆၀ ရက်သားခန့်) တွင် ရေသွင်း  ပေးရမည်ဖြစ်သော်လည်း  တောင်သူအများစုမှာ မိုးရေကို    အားကိုးစိုက်ပျိုးရခြင်းနှင့်   မိုးနှောင်း ရာသီ၌  အစိုဓာတ်ဆုတ်သည့်အချိန်တွင် စိုက်ပျိုး ကြသောကြောင့်   အပင်ပုခြင်း၊   အပွင့်သေးခြင်း၊  အောင်စေ့နည်းခြင်းတို့ကြောင့်     အထွက်နှုန်း လျော့နည်းရခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရေလိုအပ် သည့်အချိန်တွင်   သွင်းပေးနိုင်ရန်   ရေရရှိရေးကို ကြိုတင်စီစဉ်ဆောင်ရွက်ထားရပါမည်။ 
၈။    မွေးမြူရေးပျားပုံးများ ထားပေးခြင်း
နေကြာသီးနှံတွင် ဝတ်မှုန်ကူးမှုကောင်းမွန်ပြီး  မျိုးအောင်၍ အစေ့အဆန်တည်မှု ကောင်းမွန်စေရန် မွေးမြူရေးပျားပုံးများ  ထားရှိရပါမည်။  သို့သော် တောင်သူအများစုမှာ  နေကြာသီးနှံတွင်  ပျားဖြင့် ဝတ်မှုန်ကူးခြင်းကို သိရှိမှုအားနည်းကြပါသည်။ ဝတ်မှုန်ကူးမှု  အောင်မြင်ပြီး  အောင်စေ့များ‌စေရန်  ပျားမွေးမြူသူများနှင့်ချိတ်ဆက်၍     မွေးမြူရေး ပျားပုံးများ ထားရှိရပါမည်။ 
၉။    နေကြာစိုက်ခင်းအား    ကြွက်နှင့်    ငှက်များ 
    ဖျက်ဆီးမှုမှ ကာကွယ်ပေးခြင်း
နေကြာအစေ့အဆန်တည်ချိန်မှ   ရင့်မှည့်ချိန် ကာလအတွင်း ကြွက်၊ ငှက် (ကြက်တူရွေး) ဖျက်ဆီး တတ်ပါသည်။  တောင်သူအများစုမှာ ကြွက်၊ ငှက် ရန်မှ ကာကွယ်မှုကို အလေးထားဆောင်ရွက်ခြင်း  မရှိကြပါ။ ကြွက်၊ ငှက် (ကြက်တူရွေး) ဖျက်ဆီးမှု ကြောင့် ဆုံးရှုံးမှုအထွက်နှုန်း (၇၀ ရာခိုင်နှုန်းအထိ) လျော့နည်းနိုင်ပါသည်။ သို့ဖြစ်ပါ၍ နေကြာအစေ့ အဆန်တည်ချိန်မှ    ရင့်မှည့်ချိန်     ကာလအတွင်း ကြွက်ထောင်ချောက်များ ထားရှိခြင်း၊ ကြွက်သတ် ဆေးချခြင်း၊   လူဖြင့်နှိမ်နင်းခြင်း    ဆောင်ရွက် ရပါမည်။ 
လူဖြင့် ငှက်များအား ခြောက်လှန့်ခြင်း၊ ငှက် မကြိုက်သည့် အနံ့၊  အသံတို့ဖြင့် ခြောက်လှန့်ခြင်း ဆောင်ရွက်ပေးရပါမည်။ ထိုသို့ဆောင်ရွက်ပေးနိုင် ပါက   သီးနှံပျက်စီးဆုံးရှုံးမှုမှ   ကာကွယ်သွားနိုင် ပါမည်။
၁၀။    ပိုးမွှားရောဂါကျရောက်မှုမှ ကာကွယ်ပေးခြင်း
နေကြာသီးနှံတွင်   ပိုးမွှားရောဂါ  ကျရောက်မှု ပြင်းထန်ပါက      အပင်အသေအပျောက်များပြီး အထွက်နှုန်း   ကျဆင်းစေပါသည်။    တောင်သူ အများစုမှာ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးကို စနစ် တကျ  သုံးစွဲမှုအားနည်းကြပါသည်။ သို့ဖြစ်ပါ၍ အပင်ကြီးထွားမှု   အဆင့်အလိုက်    ပိုးမွှားရောဂါ ကျရောက်မှုကို   စစ်ဆေး၍    ကာကွယ်ဆေးများ လိုအပ်သလို အသုံးပြုပေးခြင်းနှင့် ရောဂါကျအပင် အကြွင်းအကျန်များအား   ဖယ်ရှားရှင်းလင်းခြင်း တို့ကို ဆောင်ရွက်ရပါမည်။ 

အထက်ပါ လိုက်နာဆောင်ရွက်ရမည့် အချက် များကို ပြုပြင်လိုက်နာဆောင်ရွက်နိုင်ပါက နေကြာ သီးနှံအထွက်နှုန်း တိုးတက်၍ နေကြာထုတ်လုပ်မှု တိုးတက်လာမည် ဖြစ်ပါသည်။
အချုပ်အားဖြင့်   နေကြာသီးနှံကို  ရေ၊  မြေ၊ ရာသီဥတု   အမျိုးမျိုးကွဲပြားသော   ဒေသများတွင် အောင်မြင်စွာ   စိုက်ပျိုးဖြစ်ထွန်းနိုင်၍   စိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့်လည်း        မျှော်မှန်း အထွက်နှုန်းရရှိရေးနှင့်        စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်  ရပါမည်။ နေကြာသီးနှံကို မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ရာသီများတွင်   အောင်မြင်စွာ   စိုက်ပျိုးနိုင်သော ကြောင့်    စိုက်ဧရိယာတိုးချဲ့ရေးအတွက်    အခွင့် ကောင်းများစွာရှိနေပါသည်။ သို့ဖြစ်ပါ၍ အလား  အလာရှိသောဒေသများတွင် နေကြာစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်း၊  အစေ့ထွက်နှင့်  ဆီထွက်နှုန်း ကောင်းသော          စပ်မျိုးနေကြာမျိုးများဖြင့်    မျိုးပြောင်းလဲစိုက်ပျိုးခြင်းဖြင့်   တစ်ဧကအထွက် နှုန်းနှင့်   ထုတ်လုပ်မှုတိုးတက်လာပြီး  ပြည်တွင်း စားသုံးဆီ ဖူလုံပိုလျှံလာမည် ဖြစ်ပါသည်။ 

ကျမ်းကိုးစာရင်း

ထွန်းဆိုင်နှင့် ခင်မာမာနွယ်။ ၂၀၁၁ ခုနှစ်။ နေကြာ စိုက်ပျိုးရေး၊  မြန်မာနိုင်ငံ စိုက်ပျိုးရေး၊  သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်များအဖွဲ့။
http://agriculture.kzntl.gov.za/portal/Agric Publications/LooknDo/ 
Sunflower   Production/ tabid/134/ Default. aspx  (7.6.2011)
MOALI. 2020. Myanmar Agriculture in Brief.
Schneiter, A. A and J.F. Berglund. 1981. Dis-triction of Sunflower Growth Stages.
Crop Sci.  21: 901-903.