ပြည်တွင်းစာသုံးဆီ ဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဧပြီ ၃၀

 

ပြည်တွင်းစာသုံးဆီ ဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်နှင့် ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဦးရင်မောင်ညွန့်၊ ပါမောက္ခဒေါက်တာအေးထွန်း၊ ဆက်စပ် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေး မှူးများ၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်တို့ရှိ MSME Agency မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ ဆီစက်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌ၊ ဆီစက်လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာန မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လမ်းညွှန်ချက်အရ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ကြိတ်ခွဲခြင်းမှတစ်ဆင့် ဖူလုံအောင် ဆောင်ရွက်ရေး၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချရေးတို့ အတွက် ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးထုတ်လုပ်မှုကို ၂၀၂၂ ခုနှစ်မှစတင်၍ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရန်နှင့် ပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိရေး၊ စိုက်ပျိုးဧက၊ အထွက်နှုန်းပမာဏ မှန်ကန်မှုရှိစေရေး အထူးအလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဆီကြိတ်စက် များသို့ ရောက်ရှိသည်အထိ စီမံဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့် ဆီထွက်သီးနှံများကို ကြိတ်ခွဲနိုင်ရေး ဆီစက် လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ရေး၊ ထွက်ရှိလာသည့် စားသုံးဆီများကို ဈေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချနိုင်အောင် ဆက်စပ်ဆောင်ရွက်လျက်ရှိကြောင်း၊  ပြည်တွင်းစားသုံး မှုဖူလုံရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများသည် မြေပြင်သို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်း လည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကိုကြည့်ရှုပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ပြည်တွင်းဆီထွက်သီးနှံ များမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရန်ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ် လုပ်နိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရန်အတွက် လုပ်ငန်းအစီအမံများ ရေးဆွဲဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဆီထွက် သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရန်အတွက် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဦးစီး၍ ဆီထွက်သီးနှံ စိုက်ဧကနှင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်ရေးအတွက် ပံ့ပိုးအားပေးမှုများ ဆောင်ရွက်နေသဖြင့် အရည် အသွေးပြည့်ဝသော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာအဖွဲ့ အစည်းများ၊ ဆီစက်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကြိုးစား၍ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

ပြည်နယ်/တိုင်းဒေသကြီးအလိုက် အထူးဇုန် ()ဇုန်မှ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး မည့်အခြေ အနေနှင့် ဆီထွက်သီးနှံကုန်ကြမ်း ရရှိနိုင်မှုအခြေအနေတို့ကို ထည့်သွင်းဆွေးနွေးရမည်ဖြစ်ပြီး ဆီထွက်သီးနှံ ကုန်ကြမ်းများ ပြည်ပသို့တင်ပို့မှုကိုလည်း ထိန်းသိမ်းကွပ်ကဲကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ဆီကြိတ်စက်များ အတွက် ကုန်ကြမ်းသီးနှံများ စဉ်ဆက်မပြတ်ရရှိစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရန်အတွက် လိုအပ်သော ဆီတန်ချိန်များအား ပြည်တွင်းဆီစက်များမှ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းဆီစက်များမှ ထွက်ရှိလာသော စားသုံးဆီကုန်ချောများ ဈေးကွက်စဉ်ဆက်မပြတ် ရရှိရေးတို့အတွက် အစည်းအဝေး တက်ရောက်လာကြသူများမှ ဆွေးနွေးဖော်ထုတ် ပေးကြရမည်ဖြစ်ကြောင်း၊ ဆီကြိတ်ဖတ်များကို မွေးမြူရေးအစားအစာ ထုတ်လုပ်မှုကဏ္ဍသို့ ကွင်းဆက်မပြတ် အပြည့်အဝချိတ်ဆက် ဆောင်ရွက်နိုင်ရေး ကိုလည်း ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ဆီထွက်သီးနှံ စိုက်ခင်းမှသည် ဆီကြိတ်စက်နှင့် ဈေးကွက်သို့ ရောက်ရှိသည်အထိ တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ထုတ်လုပ်ပြီး ပြည်ပဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် ဆီစက်လုပ်ငန်းရှင်များ၏ လိုအပ်ချက်၊ အခက်အခဲများ ကိုလည်း စက်မှုဝန်ကြီးဌာန ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ အေဂျင်စီများ၊ ကျွမ်းကျင်ပညာ ရှင်များ၊ လုပ်ငန်းရှင်များနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

 

ထို့နောက် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌနှင့် ဆီစက်လုပ်ငန်းရှင်များ၊ မန္တလေးစိန်ပန်းစက်မှုလက်မှု ကုန်ထုတ်သမဝါယမ အသင်းလီမိတက် အမှုဆောင် ဒါရိုက်တာ၊  မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမွေးမြူရေး အစာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သူများအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာစီးပွားရေးလူမှုဖွံ့ဖြိုးအဖွဲ့အစည်း (သုတေသန)အဖွဲ့ အမှုဆောင်ညွှန် ကြားရေးမှူးနှင့် တာဝန်ရှိသူများက စားသုံးဆီဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများရေးဆွဲရာတွင် ချိတ်ဆက်ဆောင်ရွက်ရန်များအပေါ် သုံးသပ်ဆွေးနွေးခြင်းများ ကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသူ များက ပြည်တွင်းစားသုံးမှုဖူလုံစေရေး အတွက် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။  

(သတင်းစဉ်)