ပြည်တွင်း၊ ပြည်ပခရီးသွားများ နေ့ချင်းပြန်သွားနိုင်သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ် ခြောက်ခု

၁၂  ဇွန်

လူမှုစီးပွားဘဝများဖြင့် လုံးထွေးရစ်ပတ်နေကြရင်း စိတ်လက်အပန်းဖြေ အလည်အပတ်ခရီးများ ထွက်ကြရန် ဆန္ဒရှိကြ၊ တိုင်ပင်ဖူးကြ၊ သွားလာဖူးကြမည် ထင်သည်။ ပါးစပ်ပါ ရွာရောက်သည်ဟု ဆိုစကားရှိသော်လည်း ပြေးကြည့်၍မော၊ တွေးကြည့်၍ရော မဖြစ်ကြစေရန် မကွေးတိုင်းဒေသကြီးသို့ လာရောက်လိုသူများအတွက် အထောက်အပံ့ တစ်စုံတစ်ရာဖြစ်စေချင်ပါသည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ နေ့ချင်းပြန်သွားနိုင်သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ် ခြောက်ခုအကြောင်း တင်ပြပေးလိုပါသည်။

 

မကွေးတိုင်းဒေသကြီးဆိုသည်က မြန်မာပြည်အလယ်ပိုင်းတွင် စတုရန်းမိုင် ၁၇၃၀၅ ဒသမ ၃၂ ကျယ်ဝန်းပြီး ခရိုင် ငါးခု၊ မြို့နယ် ၂၅ ခု၊ လူဦးရေ လေးသန်းဝန်းကျင်ရှိသည့် ဒေသဖြစ်သည်။ မြန်မာပြည်၏ ဆီအိုးကြီးဟုလည်း ဆိုကြပြန်သည်။ တိုင်းဒေသကြီးအတွင်း မြို့နယ်များသို့ကား၊ ရထား၊ ရေလမ်းကြောင်းများမှ သွားရောက်နိုင်သည်။ မြင်တတ်သူတိုင်းအတွက် သမိုင်းအမွေအနှစ်များ၊ သမိုင်းနောက်ခံ ဇာတ်လမ်းများက လှပရှုမငြီးနိုင်စွာ မကွေးကို တန်ဆာဆင်ထားသည်။ မြစ်မင်းဧရာဝတီ၏ ရင်ငွေ့ကိုလှုံရင်း၊ ဧရာဝတီ၏ ဂီတကို နားဆင်ရင်း အပူပိုင်းဒေသ ဆိုသည်ကိုက သူ၏အလှတရားဖြစ်၍နေသည်။

 

မကွေးမြသလွန်စေတီတော်၊ မင်းဘူးစက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မင်းလှခံတပ် ခရီးစဉ်

 

“ဘီလူးပြုံးတဲ့ မြို့ကလေး”ဟုခေါ်ဆိုနိုင်ပြီး ဘီလူးကပင် စိတ်ကောင်းဝင်ကာ သာသနာရောင်ဝါထွန်းကား စည်ပင်စေခဲ့သည့် မကွေးမြို့၏မြောက်ဘက်အစွန်တွင် မြသလွန်စေတီတော်မြတ်ကြီးကို ဖူးတွေ့ရမည်ဖြစ်သည်။ မြသလွန်ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ လပြည့်ကျော် ၁၀ ရက်ထိ ကျင်းပသည်။ သိကြားမင်းဆက်သထားသည့် မြသားသလွန်တော်ကို ပူဇော်ခွင့်ရရန် ဗုဒ္ဓဘုရားရှင်ထံ တောင်းပန်လျှောက်ထားမှုနှင့်အတူ ဘီလူးညီနောင်၊ ဖန်ခါးသီး၊ လင်လျာမျှော်၊ ပန်းရစ်တောင်တို့က စိတ်ဝင်စားဖွယ်ကောင်းလှသည်။

 

မကွေးမြို့မှ မင်းဘူးခရိုင် မင်းဘူးမြို့ရှိ စက္ကိန်းတဲ ဘုရားသို့ ငါးမိုင်ခန့်သွားရသည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ထားပြီး မြသလွန်ဘုရားမှ မြင်နိုင်သည်။ စက္ကိန်းတဲတောင်ပေါ်သို့ ဗုဒ္ဓမြတ်စွာဘုရား ခေတ္တကြွရောက် ကိန်းဝပ်တော်မူသည်ဟု သမိုင်းဝင်ကာ ထင်ရှားကျော်ကြားလှသည်။ ထိုမှ မင်းဘူးမြို့ထဲရှိ နဂါးပွက်တောင်သို့ သွားနိုင်သည်။ နဂါးပွက်တောင်သည် ဘူမိဗေဒအနေအထားအရ သဘာဝရွှံ့မီးတောင်တစ်ခု ဖြစ်သော်လည်း ရှေးလူကြီးများ၏ စကားအဆိုအရ မြေအောက်နဂါးကြီး မာန်ဟုန်ပြင်းပြင်းဖြင့် ကိုယ်ထင်ပြသည့် နေရာတစ်ခုအဖြစ် ယူဆမှုများရှိနေသည်။ တောင်မှာ ပေ ၃၀ ခန့်မြင့်၍ လှေကားထစ် ၆၀ တက်ရသည်။ ထိပ်ဝအကျယ် ကိုးပေခန့်ရှိပြီး တွင်းဝတွင် ရွှံ့ရည်များ အဆက်မပြတ်ပွက်နေသည်။ တောင်ထိပ်မှရွှံ့ရည်များသည် နဂါးငွေ့တန်းကဲ့သို့ နဂါးဦးခေါင်းလှည့်သည်ဆိုသည့် အရပ်မျက်နှာအတိုင်း စီးဆင်းနေသည်ကို တွေ့ရှိရသည်။

 

မကွေးမြို့မှတစ်ဆင့် သရက်ခရိုင် မင်းလှမြို့ရှိ မင်းလှခံတပ်သို့သွားလျှင် ၁၉ မိုင်ခန့် ကွာဝေးပြီး ကားဖြင့် တစ်နာရီခန့် သွားရသည်။ မင်လှခံတပ်ကို မင်းတုန်းမင်း၏ ညီတော်ဖြစ်သူ ကနောင်မင်းသားကြီး၏ လမ်းညွှန်မှုဖြင့် ၁၈၆၀-၆၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ခံတပ်ဖွဲ့စည်းပုံမှာ အရှေ့မှအနောက် ၁၈၄ ပေ၊ တောင် မြောက် ၁၇၁ ပေအကျယ်ရှိပြီး အမြင့် ၂၆ ပေမြင့်သည်။ ခံတပ်၏ ဖွဲ့စည်းပုံအရ အနောက်ဘက်အကျဆုံးနေရာတွင် ဝင်ပေါက်တစ်ခု၊ အလယ်ဗဟိုတွင် ကွင်းပြင်တစ်ခု၊ ဘေးနံရံလေးဘက်အသီးသီးတွင် စစ်သားများ ခိုအောင်း နေထိုင်ရန်နှင့် ရိက္ခာသိုလှောင်ရန် အခန်း ၂၁ ခန်းဖြင့် ဖွဲ့စည်းထားသည်။

 

မကွေး၊ ကွေ့ချောင်းခံတပ်၊ ဗိဿနိုးမြို့ဟောင်း၊ နတ်မောက်ဗိုလ်ချုပ်ပြတိုက် ခရီးစဉ်

 

ဧရာဝတီမြစ်ကြောင်းအကွေ့တွင် ခံတပ်တည်၍ နယ်ချဲ့ကျူးကျော်စစ်ကိုခုခံခဲ့သည့် သူရဲကောင်းစစ်သည်တို့၏ သမိုင်းသက်သေများတည်ရှိရာ ကွေ့ချောင်း ခံတပ်သို့သွားလိုလျှင် မကွေးမြို့မှမိုင် ၂၀ ကျော်ရှိ ပဌနဂိုရ်လမ်းခွဲ (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းဆိုင်းဘုတ်) မှ ခံတပ်သို့ ကားလမ်း ခုနစ်မိုင်ခန့် ဝင်ရသည်။ မကွေး-တောင်တွင်းကြီး ကားလမ်း (ဗိဿနိုးမြို့ဟောင်းသွားရာလမ်း)ပေါ်တွင် လမ်းခွဲရှိနေခြင်းဖြစ်သည်။ မင်းတုန်းမင်း၏ညီတော် ကနောင်မင်းသားကြီး၏ လမ်းညွှန်မှုဖြင့် ၁၈၆၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၈၆၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ဧရာဝတီမြစ်အရှေ့ခြမ်းရှိ ကွေ့ချောင်းခံတပ်ကို အလျား ၂၇၅ ပေ၊ အနံ ၁၅၅ ပေ၊ အမြင့် ၁၂ ပေ၊ ဒု ၄ ပေ အုတ်တံတိုင်းဖြင့် ကာရံ တည်ဆောက်ထားပြီး အဆင့်သုံးဆင့်ရှိသော ခံတပ်ကြီးတွင် ပထမအဆင့်ကိုသာ လာရောက်လေ့လာသူများ မြင်တွေ့ရမည်ဖြစ်သည်။ အဆင့်နှစ်ဆင့်မှာ မြေအောက်တွင် နစ်မြုပ်နေပြီး တံတိုင်း၏အရှေ့၊အနောက်နှင့် မြောက်အရပ်တို့တွင် သေနတ်ပစ်၍ ခုခံနိုင်ရန် အပေါက် ၁၅၉ ခုရှိသည်။ ဧရာဝတီမြစ် အနောက်ခြမ်းရှိ မင်းလှခံတပ်နှင့် ဓားလွယ်ခုတ် အနေအထားတွင်ရှိပြီး မကွေးမြို့မှ ရေမိုင် ၁၂ မိုင်အကွာတွင်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

 

ခံတပ်အတွင်းတွင် စစ်တန်းလျားနှစ်ခု၊ အရာရှိစစ်သည်ခန်းအပါအဝင် အခန်း ၁၃ ခန်းဖြင့် ဖွဲ့စည်းထားသည်။ မကွေးမြို့မှဗိဿနိုးမြို့ဟောင်းသို့ မော်တော်ယာဉ်ဖြင့် မိုင် ၄၀ ခန့်သွားရသည်။ ကွေ့ချောင်းခံတပ်ကို ဦးစွာသွားပြီးမှ ဗိဿနိုးမြို့ဟောင်းသို့သွားပါက အဆင်ပြေသည်။ မြို့ဟောင်းသို့တိုက်ရိုက်သွားပြီး အပြန်မှလည်း ဝင်နိုင်သည်။ မြို့ဟောင်းမှာ မကွေးခရိုင် တောင်တွင်းကြီး မြို့နယ်တွင်တည်ရှိပြီး ရှေးဟောင်းသုတေသနမှ ၁၉၆၇-၂၀ဝ၈ ခုနှစ်အတွင်း အုတ်ပုံ ၅၀ ကျော်ကို ရှေးမူမပျက် စနစ်တကျ ပြန်လည်တူးဖော်ခဲ့ပါသည်။ ယခုအခါ ဗိဿနိုးမြို့ဟောင်းနေရာ၊ နန်းတော်နေရာ၊ အုတ်ဖြင့် တည်ထားသည့် ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ဗုဒ္ဓရုပ်ပွားတော်များနှင့် ဘာသာရေး အဆောက်အအုံများကို လေ့လာနိုင်သည်။ အဆောက်အအုံအားလုံးသည် ရှေးဟောင်းပျူလက်ရာ မပျက်ဘဲ ကျန်ရှိနေသေးပါသည်။

 

၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့ပါသည်။ ဗိဿနိုးမြို့ဟောင်းသို့ သွားရောက် လေ့လာပါက ပြည်ပခရီးသည်များအနေဖြင့် ဇုန်ဝင်ကြေး ကျပ် ၅၀ဝ၀ ပေးဆောင်ရသည်။ ပန်ထွာဘုရင်မနှင့် သျှီဝမြို့စားလေးတို့၏ မေတ္တာရေးက လွမ်းဆွတ်ဖွယ်ဖြစ်ပြီး အတုလစည်တော်ကြီး၊ ရဟန်းတု၊ ဘုရင်မ၏အလှတရား၊ “ငါလာမှသီး၊ ငါလာမှကြီး” ဟု ပေပင်များကို သစ္စာထားခဲ့ပုံတို့ကလည်း အံ့ဩဘနန်း ဖြစ်စရာ ကောင်းလှသည်။ ဗိဿနိုးမြို့ဟောင်းမှ တောင်တွင်းကြီးမြို့သို့ ကိုးမိုင်ခန့်သာ ကွာဝေးတော့သည်။ နတ်မောက်မြို့ရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သည် မကွေးမြို့မှ ၃၇ မိုင် အကွာနေရာတွင် တည်ရှိနေသည်။ ဗိုလ်ချုပ် သက်ရှိထင်ရှားရှိစဉ်က အသုံးပြုခဲ့သည့် ထမင်းစားခန်း၊ မိသားစုအိပ်ခန်း၊ မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းများကို လေ့လာနိုင်သည်။ စာကြည့်နေသော ဗိုလ်ချုပ်ရုပ်တုကို ဆီလီကွန်ဖြင့်ထုလုပ်ထားပြီး မြန်မာလူမျိုးများ စာဖတ်ကြပါဟု ပြောနေသယောင် မြင်တွေ့ခံစားရမည်ဖြစ်သည်။

 

မကွေး၊ မင်းဘူးစက္ကိန်းတဲ၊ ရွှေစက်တော်၊ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား၊ စလင်းဝက်သည်းကန် ခရီးစဉ်

 

မကွေးမြို့မှ မင်းဘူးစက္ကိန်းတဲဘုရားသို့ မော်တော်ယာဉ်ဖြင့် မိနစ် ၂၀ ခန့်သွားရောက်လျှင် ရောက်ရှိနိုင်ပြီး ထိုမှတစ်ဆင့် မင်းဘူးမြို့ အနောက်ဘက် ၃၄ မိုင်အကွာ မန်းချောင်းဘေးတွင်တည်ရှိသည့် ရွှေစက်တော်ဘုရားသို့ သွားရောက် ဖူးမြော်နိုင်သည်။ နမ္မဒါမြစ်ကမ်း (မန်းချောင်း)ဘေးတွင် နမ္မဒါနဂါးမင်း၏တောင်းပန်မှုဖြင့် တစ်ရာ့ရှစ်ကွက် လက္ခဏာတော် ဘယ်ဘက်ခြေတော်ရာ တစ်ဆူကို ဗုဒ္ဓဘုရားရှင်ကချထားပေးသနားတော်မူရာ (အောက်စက်တော်ရာ)အဖြစ်တည်ရှိပြီး တစ်ဖက်ကမ်းရှိ (မန်းတောင်) သစ္စဗန္ဒတောင်ပေါ်တွင် သစ္စဗန္ဒမထေရ်မြတ်၏ တောင်းပန်မှုကြောင့် ဘယ်ဘက်ခြေတော်ရာ တစ်ဆူကို ချထားပေးခဲ့ရာ (အထက်စက်တော်ရာ)အဖြစ် တည်ရှိပါသည်။

 

ရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း(၁) ရက်နေ့ အထိ သုံးလတိုင်တိုင် ကျင်းပသည်။ ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းတွင် ရွှေသမင်များနှင့်ကြယ်လိပ်များကိုလည်း တွေ့ရှိနိုင်သည်။ မကွေးမြို့မှ စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားသို့ ကားဖြင့် ၂၅ မိုင်ခန့် သွားရသည်။ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဝါတွင်းသုံးလ ကျင်းပသည်။ ရှေးယခင်က ဘုရားဖူးငါးများလာရောက်ရန် မုန်းချောင်းနှင့်ဧရာဝတီ မြစ်ဆုံ၌ အိုးစည်၊ ဗုံမောင်းများတီး၍ သွားရောက် ခေါ်ယူလေ့ရှိပြီး ဝါကျွတ်သောအခါတွင် အိုးစည် ဗုံမောင်းများဖြင့် ပြန်လည်ပို့ဆောင်ကြလေ့ရှိသည်။

 

ဝါတွင်းတွင် ဘုရားဖူးငါးများအား ငါးစာကျွေးလိုသူများဖြင့် စည်ကားနေတတ်သည်။ မကွေးမြို့မှ ဝက်သည်းကန်သို့ ရာသီမရွေး ကုန်းလမ်းခရီးဖြင့် သွားနိုင်ပြီး ၄၅ မိုင်ခန့်ကွာဝေးသည်။ မင်းဘူးခရိုင် စလင်းမြို့အနောက်ဘက် ကပ်လျက်တွင် တည်ရှိသည်။ ဝက်သည်းကန်ကို ဘေးမဲ့တောအဖြစ် မူလပြဋ္ဌာန်းစဉ်က ကန်အပါအဝင် ဧရိယာတစ်ခုလုံး ၁ ဒသမ ၇ စတုရန်းမိုင်ရှိပြီး ဧကအားဖြင့် ၇၃၅၀ ဧကခန့်ရှိသည်။ ရေပြင်အကျယ်အဝန်းမှာ ၁၀၈၈ ဧကခန့်ရှိသည်။ ကြာရိုး၊ ကြာစွယ်၊ ကြာနွယ်များဖြင့် တင့်တယ်လျက်ရှိပြီး ဝက်သည်းကန်ဘေးမဲ့တောတွင် ဌာနေငှက်မျိုးစိတ် ၂၉ မျိုး၊ ဆောင်းခိုငှက်မျိုးစိတ် ခြောက်မျိုးကို တွေ့ရှိနိုင်သည်။ စလင်းမြို့တွင် သမိုင်းဝင်ဘုရားစေတီများပေါများပြီး စလင်းရုပ်စုံကျောင်းသို့လည်း ဝင်ရောက်လေ့လာနိုင်သည်။

 

မကွေး၊ ရေနံချောင်းဆားလယ်၊ စလေရုပ်စုံကျောင်း

 

မကွေးမြို့နှင့်ရေနံချောင်းမြို့ ဆားလယ်ဒေသမှာ ၃၆ မိုင်ခန့်ကွာဝေးသည်။ မော်တော်ကားဖြင့်လည်းကောင်း၊ ဧရာဝတီ မြစ်အတွင်းမှ ရေကြောင်းခရီးစဉ်ဖြင့် လည်းကောင်း သွားလာနိုင်သည်။ ဆားလယ်ဒေသ ဧရာဝတီမြစ်ဘေးတွင် ပုဂံခေတ်နှောင်းပိုင်းနှင့် ပင်းယ၊ အင်းဝခေတ်ဦးပိုင်းဟု ယူဆရသော ရှေးဟောင်းဘုရားများ၊ နံရံဆေးရေးပန်းချီများနှင့် ကျောက်စာ ၁၂ ချပ်တို့ကို လေ့လာနိုင်သည်။ သမိုင်းစာတမ်းပြုစုသူများ၊ ပန်းလက်ရာဆိုင်ရာ လေ့လာမှတ်တမ်းပြုသူများ အလာစိပ်သော ဒေသတစ်ခုဖြစ်ပြီး စေတီပေါင်း ၂၆ ဆူနှင့် ကုန်းတောင်ပေါင်း ၁၅ ခုတို့ကို လေ့လာတွေ့မြင်နိုင်သည်။ မကွေးမြို့မှ စလေရုပ်စုံကျောင်းသို့ ကားဖြင့်သွားလျှင် မိုင် ၈၀ ခန့် သွားရသည်။ မကွေးခရိုင် ချောက်မြို့နယ် စလေမြို့တွင် တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ် (၁၈၈၂)သီပေါမင်းလက်ထက်တွင် ကျောင်းကို ဆောက်လုပ်ခဲ့သည်။ စလေရုပ်စုံကျောင်းသည် အိမ်တော်ပုံကျောင်းဖြစ်ပြီး လှေကား လေးစင်းတပ်ဖြစ်သည်။ စလေရုပ်စုံကျောင်းကို ဦးဖိုးကြည်၊ ဒေါ်ရွှေသက်တို့က ဆောက်လုပ်လှူဒါန်းပြီး အလျား ၁၅၄ ပေ၊ အနံ ၇၆ ပေ၊ တိုင်လုံးရေ ၁၅၄ လုံး၊ အဆောင် ခြောက်ဆောင်နှင့် လက်ရှိတွင် ပန်းပုရုပ်တု ၄၅ ရုပ် ရှိသည်။ ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခုအဖြစ် တည်ရှိပြီး စလေရုပ်စုံကျောင်း၏ သစ်သားပန်းပုလက်ရာများကြောင့် လူသိများထင်ရှားကာ စလေဦးပုည၏ ဇာတိမြို့အဖြစ် ထင်ရှားသည်။ စလေရုပ်စုံကျောင်းသို့ သွားရောက်လေ့လာပါက ဇုန်ဝင်ကြေးအဖြစ် ပြည်ပနိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၅၀ဝ၀ ပေးဆောင်ရသည်။ နှစ်စဉ် နိုင်ငံခြားသားဧည့်သည်ဦးရေ တစ်သောင်းကျော် လာရောက်လေ့လာကြသည့် နေရာတစ်ခုဖြစ်သည်။

 

ပခုက္ကူ၊ မြိုင် CBT၊ ဗဟင်းယဉ်ကျေးမှုဒေသခရီးစဉ်

 

ပခုက္ကူမြို့မှ မြိုင်သို့သွားလျှင် ၂၇ မိုင်ခန့်ကွာဝေးပြီး မော်တော်ယာဉ်ဖြင့် တစ်နှစ်ပတ်လုံး သွားလာနိုင်သည်။ မြိုင်ရပ်ရွာ လူထုအခြေပြု ခရီးစဉ်ဒေသကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် မြိုင်ဒေသရှိကျေးရွာများမှ လူထုအဖွဲ့အစည်းများ၊ Action aid Myanmar အဖွဲ့အစည်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ CBT(Community Based Tourism) လုပ်ငန်းစဉ်များတွင် မြိုင်ကျေးရွာ လေးရွာဖြစ်သော ကန်ကြီးတော (အရှေ့)၊ ကန်ကြီးတော(အနောက်)၊ အင်းယောင်းရွာနှင့် ဆူလီပန်းရွာတို့မှာ ရွာသူရွာသားများ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ယခုအဆိုပါ လေးရွာ သည် CBT လုပ်ငန်းစဉ်များမှ ဝင်ငွေရရှိလျက်ရှိပြီး ကမ္ဘာပေါ်တွင် နိုင်ငံအသီးသီးမှ လာရောက်လည်ပတ်သည့် ခရီးသွားများမှ အတွေ့အကြုံများလည်း ရရှိလျက်ရှိသည်။
 

မြိုင် CBT မှတစ်ဆင့် ဗဟင်းယဉ်ကျေးမှုဒေသသို့ သွားရောက်လျှင် ၁၆ မိုင်ခန့်ကွာဝေးပြီး မော်တော်ယာဉ်ဖြင့် သွားရောက်နိုင်သည်။ ဗဟင်းယဉ်ကျေးမှုဒေသတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြတိုက်တစ်ခု တည်ဆောက်နေသည်။ လူသားမျိုးနွယ်အစ မြန်မာကဟု သက်သေပြနိုင်သည့် လူတူပရိုင်းမိတ် များကိုလည်း လေ့လာနိုင်သည်။

 

ပခုက္ကူဒေသတန်ခိုးကြီးဘုရားများနှင့် ပခန်းကြီးမြို့ဟောင်း

 

မကွေးမြို့နှင့် ပခုက္ကူမြို့မှာ ၁၁၅မိုင်ခန့်ကွာဝေးပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ပခုက္ကူမြို့တွင် သီဟိုဠ်ရှင်ဘုရား၊ ရွှေကူဘုရား၊ ရွှေမုဋ္ဌောဘုရား၊ သရက္ခန်ဘုရား စသည့် တန်ခိုးကြီးဘုရားစေတီများအား ဖူးမြော်နိုင်သည်။ ချည်ထည်လုပ်ငန်း၊ ပရိဘောဂနှင့် အနုပညာလုပ်ငန်းများစွာရှိသည်။ ပခန်းကြီးမြို့ဟောင်းသည် ပခုက္ကူမြို့မှ ၁၉ မိုင်ခန့် အကွာ ပခုက္ကူ-မုံရွာကားလမ်းပေါ်တွင် တည်ရှိပြီး ရှေးဟောင်းမြို့ရိုးတံခါးများဖြင့် တည်ရှိနေသည်။ မန္တလေး ရတနာပုံ နေပြည်တော်မြို့ဟောင်းထက် များစွာစောပြီး ပုဂံခေတ်နှောင်းပိုင်း မြို့ဟောင်းတစ်ခုဖြစ်သည်။ ပခန်း ကြီးရှေးဟောင်းဒေသရှိ စေတီပုထိုးများမှ တူးဖော် ရရှိသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ၊ ပေပုရပိုက်များ၊ ကျောက်စာများ၊ ပျူခေတ် အသုံးအဆောင်ပစ္စည်းများ၊ ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ် လက်နက်ကိရိယာများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြတိုက်တစ်ခုဖြင့် ဖွင့်လှစ်ပြသထားသည်။ ပခန်းကြီးမြို့ဟောင်းတွင် မင်းတုန်းမင်းလက်ထက် ကျီဝန်မင်းဦးဖိုးတုတ်က ဆောက်လုပ်လှူဒါန်းခဲ့သော ရှေးဟောင်း ပခန်းကျောင်းတော်ကြီး တစ်ဆောင်တည်ရှိပြီး ကျောင်းတော်ကြီးတွင် လူတစ်ဖက်မမီသော တိုင်လုံးကြီးပေါင်း ၂၅၄ တိုင်ပါဝင်၍ အနုပညာမြောက်လှသော မြန်မာ့ရှေးဟောင်း ဗိသုကာလက်ရာများကို မြင်တွေ့ရမည် ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ လေ့လာသူများဖြင့် အမြဲစည်ကားလျက်ရှိသော နေရာတစ်ခုဖြစ်သည်။

 

Distination အသစ်များ ဖော်ဆောင်သွားမည်

 

မကွေးတိုင်းဒေသကြီးအတွင်း အစီအစဉ်တကျ သွားရောက်နိုင်သည့် ခရီးစဉ်ခြောက်ခုအား ပြည်တွင်း၊ ပြည်ပခရီးသွားများ သိစေရန် လက်ကမ်းကြော်ငြာများ ဖြန့်ဝေပေးလျက်ရှိသည်။ Distination အသစ်များကို ၂၀၁၅ ခုနှစ်မှစ၍ ဖော်ဆောင်ခဲ့ပြီး မြိုင်မြို့နယ်မှ ကျေးရွာလေးရွာနှင့် ချောက်မြို့နယ်၊ မကျီးကန်ကျေးရွာတို့မှာ လူထုအခြေပြု ခရီးသွားလုပ်ငန်း CBTဒေသ နှစ်ခုအဖြစ်ပေါ်ပေါက် လာပြီဖြစ်သည်။ နှစ်စဉ်နိုင်ငံခြားသားခရီးသည် ၈၀ဝ ခန့် လာရောက်လည်ပတ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမှတ်တရ သစ်ပင်စိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူ ဂန့်ဂေါမြို့နယ် ပုံတောင်-ပုံညာဒေသနှင့် ငဖဲမြို့နယ် နတ်ရေကန် တောင်ဒေသတို့ကို ခရီးသွားဒေသ အသစ်များအဖြစ် ဖော်ဆောင်နိုင်ရန် စီစဉ်လျက်ရှိသည်။

 

သံသရာခရီး၏ လမ်းပြမြေပုံတွင်ပါဝင်သည့် ဘဝခရီးကိုယ်စီ လူတိုင်းတွင်ရှိနေပါသည်။ ထိုခရီး၌ လှိုင်းကြီး လေထန်ဖြစ်စဉ်များ ရှိနေသည်။ လူတစ်ခု၊ ပူမှုရယ်တဲ့ ဆယ်ကုဋေဟု ညည်းတွားရလောက်သည့် သောက ဒဏ်ရာများလည်း ပါဝင်နေကြသည်။ အသိ၊ သတိများဖြင့် လှပစွာ တန်ဆာဆင်ထားသော အောင်မြင်မှု၊ ပျော်ရွှင်မှု ဆိုသည့် ဘဝအခြေအနေကောင်းများလည်း ရှိနေကြသည်။ ဘဝခရီး ဆိုသည်မှာကား ကိုယ်တိုင်ပဲ့ကိုင်၍ ကိုယ်တိုင် မောင်းနှင်ရသော အရာဖြစ်ပါသည်။ အပန်းဖြေခရီးလေး တစ်ခုအတွက်မူကား ဤစာစုဖြင့် အထောက်အပံ့ အနည်းငယ် ပေးနိုင်လိမ့်မည်ဟု ယူဆ၍ တင်ပြလိုက်ရပါသည်။ ။

 

ဇေယျတု(မကွေး)