ပြည့်တန်ဆာကာရိုက်တာကို ပထမဆုံးအကြိမ်အဖြစ် ၃(က) ဇာတ်ကားတွင် နန်းဆုဦး ပါဝင်သရုပ်ဆောင်ထား

မကြာမီ ရုံတင်ပြသတော့မည့် ၃(က)ဟု အမည်ရသည့် ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင် နန်းဆုဦးအနေဖြင့် ပထမဆုံး ကာရိုက်တာတစ်ခုအဖြစ် ပြည့်တန်ဆာ မိန်းကလေးတစ်ဦးအသွင် ပါဝင်သရုပ်ဆောင်ထားကာ ယင်းဇာတ်ကားတွင် လောကဓံကို တစ်ယောက်တည်း ခက်ခက်ခဲခဲ အန်တုရုန်းကန်နေရသူ မိခင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားကြောင်း သိရသည်။

"နန်းဆုကိုတော့ ဒီဇာတ်ကားမှာ ပြည့်တန်ဆာတစ်ယောက်အနေနဲ့ တွေ့ရမှာပေါ့။ မိန်းမတစ်ယောက်က သမီးလေးတစ်ယောက်နဲ့ ဘဝကို လဲကျမသွားအောင် ဘယ်လိုမျိုး ပင်ပင်ပန်းပန်းနဲ့ ရပ်တည်လို့ရအောင် ကြိုးစားရလဲဆိုတာကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးပါ။ နန်းဆုအနေနဲ့လည်း ကိုယ်စွမ်းရှိသလောက် ကြိုးစားသရုပ်ဆောင်ထားတယ်။ ပရိသတ်တွေအတွက် ရသတစ်ခုကိုပေးနိုင်မယ့် ဒရာမာကားကောင်းတစ်ကားပါပဲ"ဟု နန်းဆုဦးက ပြောသည်။ ။

အဆိုပါဇာတ်ကားကို ဒါရိုက်တာ အောင်ချမ်းလူ ရိုက်ကူးပုံဖော်ထားပြီး စိုးမြတ်သူဇာ၊ ချမ်းမင်းရဲထွဋ်နှင့် နန်းဆုဦးတို့ အဓိက ပါဝင်ထားကာ ၂၀၂၀ ဇန်နဝါရီ ၂ ရက်တွင် ရုံတင်ပြသမည်ဟု သိရသည်။

ကိုလင်း