ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ 2019 Novel Coronavirus (2019 n-CoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ အလုပ်သမားများအတွက် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

နေပြည်တော်    ၆    မတ်

 

2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အလုပ်သမားများအတွက် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးရုံးချုပ်၊ စုဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ကျင်းပသည့် အစည်းအဝေးတွင် 2019 Novel Coronavirus (2019-nCoV) ရောဂါကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်သည့် လက်ရှိအခြေအနေနှင့် ရောဂါကာကွယ်ထိန်းချုပ်မှုနှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့် လုပ်ငန်းလမ်းညွှန်ချက်များ၊ အာမခံအလုပ်သမားများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်တားဆီးနိုင်ရေး လူမှုဖူလုံရေးဆေးရုံ/ဆေးခန်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးသွားရန်ဖြစ်ကြောင်း၊ 2019 Novel Coronavirus (2019-nCoV) ရောဂါကူးစက်ပြန့်ပွားမှုနှင့်စပ်လျဉ်းပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့ရာမှ ဖေဖော်ဝါရီလကုန်တွင် ကမ္ဘာတစ်ဝန်းကူးစက်မှု အလွန်မြင့်မားသော အဆင့်ကို ပြောင်းလဲတိုးမြှင့်သတ်မှတ်ခဲ့ပါကြောင်း၊ ထို့အပြင် 2019 Novel Coronavirus (2019-nCoV) ရောဂါ ကူးစက်ပြန့်ပွားမှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှစတင်ခဲ့သော်လည်းလက်ရှိတွင် အခြားနိုင်ငံ(၇၇)နိုင်ငံတွင်လည်း ကူးစက်ပြန့်ပွားလျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် စက်ရုံ/ အလုပ်ရုံများရှိ လုပ်သားများအတွက် အသိပညာပေးမှုလုပ်ငန်းများ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း။

 

ထို့အပြင် လူမှုဖူလုံရေးဆေးရုံ/ဆေးခန်းများတွင် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ခြင်းနှင့် သံသယလူနာတွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်လျက်ရှိ သောလမ်းညွှန်ချက်များနှင့်အညီပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ 2019 Novel Corona-virus (2019-nCoV) ရောဂါအနေဖြင့် လူစု၊ လူဝေးများပြားသော နေရာများ၌ ရောဂါဖြစ်ပွားသူ သို့မဟုတ် ရောဂါလက္ခဏာမပြသေးသော်လည်း ရောဂါရှိသူတစ်ဦးထံမှ အခြားသူများထံသို့ ရောဂါကူးစက်ပြန့်ပွားနိုင်သည့်အတွက် အာမခံအလုပ်သမားများ အလုပ်လုပ်ကိုင်လျက်ရှိသော စက်ရုံ/ အလုပ်ရုံများတွင်ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေး အထူးအလေးထားလိုက်နာဆောင်ရွက်ရန်နှင့် သံသယဖြစ်ဖွယ် လူနာတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ အချိန်နှင့်တပြေးညီ သတင်းပို့ရန် အထူးအရေးကြီးပါကြောင်း၊ လူမှုဖူလုံရေး ဆေးရုံ/ဆေးခန်းများ၊ လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဆေးရုံ/ ဆေးခန်းများအနေဖြင့်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လုပ်ငန်းလမ်းညွှန်ချက်များ၊ လူမှုဖူလုံရေးအဖွဲ့မှ လုပ်ငန်းလမ်းညွှန်ချက်များအား အထူးအလေးထားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိမိတို့ ဆေးရုံ/ဆေးခန်းများ ဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်ချက်ကို ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ အတွက်လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးပစ္စည်းများ၊ လက်ကမ်းစာစောင်များအားဆေးရုံ/ဆေးခန်းများ၏ လိုအပ်ချက်နှင့်အညီ အမြန်ဆုံး ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ အပေါ်မူတည်၍ အာမခံအလုပ်သမားများအတွက် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပိုမိုကောင်းမွန်သည့် လုပ်ငန်းစဉ်များ၊ အစီအမံများ တိုးမြှင့်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက်ဆွေးနွေး ညှိနှိုင်းသွားကြရန် ဖြစ်ပါကြောင်းပြောကြားသည်။

 

ဆက်လက်၍လူမှုဖူလုံရေးအဖွဲ့၊ညွှန်ကြားရေးမှူးချုပ်က 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဆေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက 2019 n-CoV ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက ဆွေးနွေးတင်ပြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား non-contact thermoscan ကနဦးစစ် ဆေးမှုအား Mobile Team ဖြင့်ဆောင်ရွက်ပေးရေး၊ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းကိုထိရောက်စွာ ဆောင်ရွက်သွားရန် ဆွေးနွေး ပြောကြားသည်။

 

သတင်းစဉ်