ပြည်ထောင်စုဝန်ကြီးဉီးသိန်းဆွေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေးအတွက် Exchange of Letters လက်မှတ်ရေးထိုးပွဲ တက်ရောက်

နေပြည်တော်   ၁၁   မေ    

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား Exchange of Letters လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ခေတ္တဌာနေ ကိုယ်စားလှယ် Ms. Dawn Del Rio ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ခေတ္တဌာနေ ကိုယ်စားလှယ် Ms. Cecile Fradot နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၊ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်က သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း ၊ ယင်းနားလည်မှုစာချွန်လွှာအား ပထမအကြိမ် အဖြစ် ၂၀၁၉ ခုနှစ် ၊ ဇွန်လ ၆ ရက်မှ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၅ ရက်အထိ (၁) နှစ် သက်တမ်းရှိ Exchange of Letters ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်တွင် သုံးပွင့်ဆိုင် လက်မှတ် ရေးထိုး၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သည် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးသူများ ပြန်လည်လက်ခံခြင်းဆိုင်ရာ လုပ်ငန်းအားလုံးကို စိစစ်ရန်နှင့် ကြီးကြပ်ရန် နှစ်နိုင်ငံမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် ပူးတွဲလုပ်ငန်း အဖွဲ့ ( Joint Working Group-JWG )ကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်ခေါင်းဆောင်သည့် ကိုယ်စားလှယ် (၁၃) ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ်ခေါင်းဆောင်သည့် ကိုယ်စားလှယ် (၁၃) ဦး တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး (၄)ကြိမ်ကို အောင်မြင်စွာကျင်းပပြီး ဖြစ်ပါကြောင်း။

 

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၏ အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းများကို အသုတ်လိုက်ခွဲ၍ မိမိတို့တွင် ရှိပြီးဖြစ်သော စာရင်း၊ ဇယား၊ မှတ်တမ်းများအား နည်းပညာများအသုံးပြုကာ တိုက်ဆိုင် စိစစ်၊ စစ်ဆေးဆောင်ရွက်ကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် စာရင်းဇယားများ ပြန်လည်ပေးပို့လျက်ရှိပါကြောင်း၊ ထို့ပြင် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group- TWG) အစည်းအဝေးကို (၁၂) ကြိမ် ကျင်းပနိုင်ခဲ့ပြီး UNDP ၊ UNHCR တို့မှ ဝန်ထမ်းများသည် ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များသို့ နယ်မြေကွင်းဆင်းဆောင်ရွက်မှု (၇) ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ပါကြောင်း၊ ကွင်းဆင်းလေ့လာမှုများမှရရှိသည့် အချက်အလက်များကို အခြေခံ၍ လက်ငင်း အကျိုးသက်ရောက်စေမည့် စုစုပေါင်းစီမံကိန်းလုပ်ငန်း (၄၅) ခုအား ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း။

 

 ထို့အပြင် ညောင်ချောင်းနှင့် ပဒင်းကျေးရွာတို့တွင် ဆောင်ရွက်မည့် စီမံကိန်းအသစ်များ လုပ်ငန်းဆောင်ရွက်ခွင့်ကိုလည်း ဧပြီလအတွင်းက ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုများပင်ဖြစ်ပါ ကြောင်း၊ UNDP ၊ UNHCR နှင့် မိတ်ဖက်အဖွဲ့ အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများကိုလည်း တာဝန်ကျရာ နေရာဖြစ်သည့် မောင်တောအပါအဝင် ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုထားသည့်နေရာများသို့ အသွားအပြန်ခရီးသွားလာခွင့်ကိုလည်းကောင်း၊ ပြည်ဝင်ဗီဇာ သက်တမ်းတိုးမြှင့်ခြင်း ကိစ္စရပ်များကိုလည်းကောင်း အဆင်ပြေစွာ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ထိထိ ရောက်ရောက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ယခင် MoU ပါ သုံးပွင့်ဆိုင် ဆောင်ရွက်ရမည့် အချက်အလက်များအပေါ် ပြန်လည်သုံးသပ်ပြီး လာမည့် ကာလအတွင်း ပြောင်းလဲလာသည့် အခြေအနေပေါ်မူတည်၍ ပိုမိုထိရောက် အကျိုးရှိမည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်  MoU ကို ယခုဒုတိယအကြိမ် အဖြစ် တစ်နှစ်သက်တမ်း တိုးဆောင်ရွက်မည့် Exchange of Letters လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြု ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် UNDP နှင့် UNHCR တို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ လက်ငင်းအကျိုးရှိသည့် စီမံကိန်းများဖန်တီးပေးနိုင်ရေး တို့အတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ခေတ္တဌာနေ ကိုယ်စားလှယ် Ms. Dawn Del Rio နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ခေတ္တဌာနေကိုယ်စားလှယ် Ms. Cecile Fradot တို့က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်တင်၊ ဦးမြင့်ကြိုင်နှင့် ဦးစိုးအောင် တို့ ရှေ့မှောက်တွင် Exchange of Letters ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ် ကြသည်။

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် UNDP ၊ UNHCR တို့အကြား နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၆)ရက်တွင် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ရာ MoU တစ်နှစ် သက်တမ်းတိုးသည့် ပထမအကြိမ် Exchange of Letters ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ပြီး ယခုဒုတိယအကြိမ်အဖြစ် ပြန်လည်လက်ခံရေးအထောက်အကူပြု လုပ်ငန်းစဉ်များကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၆ ရက်မှ ၂၀၂၁ ခုနစ်၊ ဇွန်လ ၅ ရက်အထိ တစ်နှစ်သက်တမ်းတိုး ဆောင်ရွက်နိုင်ရန် Exchange of Letters လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)