ပြည်ထောင်စုဝန်ကြီးများ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးရေးဆောင်ရွက်

 
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့သည် ယနေ့နံနက်ပိုင်းတွင် ကလေးဝမြို့သို့ သွားရောက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်ကြသည်။
 
 
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေ့ကလေးထိန်း ကျောင်းများနှင့် မူလတန်းကြိုကျောင်းများ မဖွင့်လှစ်ပေးနိုင်သည့် ဒေသများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး နည်းလမ်းများဖြင့် မိခင်ဝိုင်းများ ဖွင့်လှစ်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက် (၂)နှစ်အထိ ငွေကြေးထောက်ပံ့ပေးခြင်း အစီအစဉ်ကို ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ဒေသများမှစ၍ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင် ထောက်ပံ့မှုအဖြစ် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဘေးအန္တရာယ်များကြောင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အဟန့်အတား ဖြစ်မှုများကို လျော့နည်းသက်သာစေရန်အတွက် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့က နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
 
 
ထို့နောက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် တိုင်းရင်းသားများ ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်နှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် ထောက်ပံ့ငွေကျပ် ၄၉ သိန်းကျော်၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကျပ် ၄၅ သိန်းကျော်၊ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၃၅ သိန်းကျော်ကို တာဝန်ရှိသူများထံ ပေးအပ်ကြသည်။
 
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ၌ ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦ တည်ဆောက်နိုင်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။
 
 
ထို့နောက် ကလေးမြို့ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားရိပ်သာဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ဘိုးဘွားများအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။
 
 
ဆက်လက်၍ ကလေးမြို့အတွင်း ဖြတ်သန်းစီးဆင်းနေသော နန်းကလိန်ချောင်း၊ သံတံတားချောင်းနှင့် ဥပုဒ်ချောင်းများ၊ တိမ်ကောမှုကြောင့် ချောင်းရေလျှံမှုများမှ ကလေးမြို့ ရေကြီးမှုဖြစ်ပွားနိုင်မည့် အန္တရာယ်ကာကွယ်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးကြသည်။
 
 
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပြည်နယ်အစိုးရ ရိပ်သာခန်းမ၌ ကလေးခရိုင်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ဘေးအန္တရာယ်များ ကျရောက်ပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်သင်ကြားပေးမည့် ကိစ္စရပ်များ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအစီအစဉ်နှင့် ကလေးခရိုင်အတွင်း မူးယစ်စွဲသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့ အစည်းများကို သင်တန်းပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ၌ အဖွဲ့အစည်းများ၏ လိုအပ်ချက်များကို ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
 
 
အလားတူ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး ကလေးမြို့ရှိ ချင်း၊ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ လူရှိုင်းနှင့် ဟွာလ်ငို စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ တိုင်းရင်းသားရေးရာများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ညှိနှိုင်းဆွေးနွေးကြသည်။
 
 
(သတင်းစဉ်)