ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက် အစီရင်ခံစာ အသိပေးအခမ်းအနား တက်ရောက်

စက်တင်ဘာ ၂၀ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက် အစီရင်ခံစာ အသိပေးအခမ်းအနားအား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဉီးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဉီးစိုးအောင်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့နှင့်အတူ UEHRD ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက် ( Rakhine Joint Assessment – RJA) သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်စာနာထောက်ထားမှု အထောက်အပံ့များမှတစ်ဆင့် ဖွံ့ဖြိုးရေး အထောက်အပံ့များဆီသို့ ကူးပြောင်းနိုင်ရေး မူဝါဒ ဆုံးဖြတ်ချက်များအတွက် သတင်းအချက်အလက်များ ရရှိရန်နှင့် ရခိုင်ပြည်နယ်အတွင်း လူမှုပေါင်းစည်းညီညွှတ်မှုနှင့် သဟဇာတဖြစ်မှုတို့ကို မြှင့်တင်ရန်အတွက် သတင်းအချက်အလက်များရရှိရန် ရည်ရွယ်ပါကြောင်း၊ အစိုးရက စတင်တာဝန်ယူချိန်မှစ၍ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ လူသားချင်းစာနာ ထောက်ပံ့မှုအကူအညီများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံရေးစိန်ခေါ်မှုများနှင့် အခက်အခဲများကို မဟာဗျူဟာများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီး လုပ်ငန်းကော်မတီ (၄) ခုဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊  အစိုးရအနေဖြင့် သံဒိဌာန်ချမှတ်၍ လူမှုသဟဇာတဖြစ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူမှုသဟဇာတဖြစ်ရေးသည် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသကဲ့သို့ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သဖြင့် အစိုးရသစ်အနေဖြင့် အစဉ်တစိုက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သော အခြေခံအကြောင်းအရင်းများကို ဖော်ထုတ်နိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကိုဖွဲ့စည်း၍ အကြံညာဏ်များ ရယူခဲ့ကြောင်း၊ ယခုဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက်ကို ၂၀၁၇ ခုနှစ် ဇွန်လမှစတင်ကာ သုတေသနကျင့်ဝတ်များ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရေး၊ ထိလွယ်ရှလွယ်သော အခြေအနေအား ထိပါးမှုမရှိစေရေးတို့အတွက် နည်းပညာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းကာ ပူးပေါင်းဆန်းစစ်မှု အစီအစဉ်ကို ဝန်ကြီးဌာန၏ Protocol and Ethical Board သို့ တင်ပြပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခြင်းနှင့် အကြံပြုချက်များ ရယူခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုပူးတွဲဆန်းစစ်ချက်ကို ဆောင်ရွက်ရန် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၇) ပါ ဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်လေ့လာချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မေလတွင် နေပြည်တော်၌ ဆောင်ရွက်ပြီး သုတေသနလုပ်ငန်း ဆောင်ရွက်ရန် အစပြုခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ရပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လများအတွင်း  ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ကွင်းဆင်းအချက်အလက် ကောက်ယူခြင်း၊ အစီရင်ခံစာ ပြုစုခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အဓိကအားဖြင့် ဆန်းစစ်မှုရလဒ်များအနေဖြင့် လူမှုသာယာဝပြောမှုသည် လူမျိုးအခြေအနေပေါ် မူတည်ခြင်းမရှိဘဲ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းကြောင့်သာဖြစ်မှု၊ စားနပ်ရိက္ခာ၊ အာဟာရအခြေအနေ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများသည် ကြီးမားစွာကွဲပြားမှုမရှိဘဲ အသိုက်အဝန်းအားလုံးက ရရှိနေမှု၊ သန့်ရှင်းသောရေရရှိမှုတွင် ကျေးရွာအများစုတွင် ဖြေရှင်းရခက်သော အခြေအနေ တစ်ရပ်ဖြစ်မှု၊ ပညာရေးနိမ့်ပါးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကြောင့် ကျပန်းလုပ်ကိုင်နေရသူများ များပြားနေမှုတို့ကို လေ့လာတွေ့ရှိခဲ့ပါကြောင်း၊ ရရှိလာသည့် ဆန်းစစ်မှုများကို ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး လိုအပ်ချက်များ/ အစီအစဉ်များအတွက် အကြံပြုရာတွင် ထည့်သွင်းအသုံးပြုမည် ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားသည် အဆိုပါ ပူးတွဲဆန်းစစ်ချက် ဆောင်ရွက်မှု၊ တွေ့ရှိမှုများကို ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာများနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများထံသို့ အသိပေးဖြန့်ဝေရန် ဖြစ်ကြောင်းနှင့် မကြာမီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများမှတဆင့် ဒေသရှိလူထုကို အသိပေး ရှင်းလင်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂ(ယာယီ)ဌာနေ ညှိနှိုင်းရေးမှူးက ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက်၏ တွေ့ရှိချက်များ အသိပေးတင်ပြခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်ချက်ကို မိတ်ဆက်ခြင်း၊ ဆောင်ရွက်မှုနည်းလမ်းများနှင့် အဓိကတွေ့ရှိချက်များကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် UNDP တို့မှ တာဝန်ရှိသူများက  ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများက ပူးတွဲဆန်းစစ်ချက် ဆောင်ရွက်ထားရှိမှုနှင့် လေ့လောတွေ့ရှိချက်များအပေါ် အကြံပြုမေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားရာတွင် ရခိုင်ပြည်နယ်ပူးတွဲ ဆန်းစစ်ချက်၏ တွေ့ရှိချက်များသည် အစိုးရ၏မူဝါဒများကို အကောင်အထည်ဖော်နေသည့် မိမိတို့ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ရလဒ်ဖြစ်ကြောင်း၊ ရလဒ်များအပေါ် အခြေခံ၍ မိမိတို့အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် လုံခြုံရေးသည် အရေးကြီးကြောင်း၊ ပဋိပက္ခများ လျော့နည်းသွားလျှင် ပိုမိုလုံခြုံမှု ရရှိလာမည်ဖြစ်ကြောင်း၊ ပဋိပက္ခများ လျော့နည်းပပျောက်စေရန် မိမိတို့အနေဖြင့် အတက်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှည်ဆောင်ရွက်ရန်ဖြစ်သော လူမှုသဟဇာတ ဖြစ်ရေးကို ကြိုးပမ်းနေချိန်တွင် ဖွံ့ဖြိုးတိုးတက်မှုများကို UEHRD အစီအစဉ်ဖြင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်လျက် အတက်နိုင်ဆုံး ကြိုးပမ်းလျက်ရှိရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက အပြုသဘောဖြင့် ပိုမို ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိရာ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက်လာပါကလည်း တည်ငြိမ်အေးချမ်းပြီး ကောင်းမွန်သော အခြေအနေများကို ရရှိခံစားရမည်ဖြစ်ကြောင်း၊ အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများတွင် ဖြောင့်မတ်မှန်ကန်သော  စိတ်ရင်းဖြင့် ဥပဒေဘောင်အတွင်းမှ  ကြိုးစားဆောင်ရွက်မှုများကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံအကာအသိုက်အဝိုင်းက နားလည်သဘောပေါက်ကြရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ် လူထုအတွက် အကျိုးပြုမည့် ပူးပေါင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)