ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် ဂျပန်နိုင်ငံ International University of Health and Welfare (IUHW) ၏ ဥက္ကဋ္ဌ Videoconferencing ဖြင့် ဆွေးနွေး

နေပြည်တော် ၃  ဇူလိုင် 


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ မွန်းလွှဲပိုင်းတွင် Videoconferencing ဖြင့် ဂျပန်နိုင်ငံ၊ International University of Health and Welfare (IUHW) ၏ ဥက္ကဋ္ဌ Dr. Kuninori Takagi နှင့် ဆွေးနွေးသည်။


ထိုသို့ဆွေးနွေးရာတွင် International University of Health and Welfare (IUHW) ၏ ဥက္ကဋ္ဌ Dr. Kuninori Takagi က IUHW အနေဖြင့် မြန်မာနိုင်ငံမှ ဆေးပညာဘွဲ့ကြို ကျောင်းသား/ သူများကို ပညာတော်သင်ဆုများပေးအပ်ကာ သင်ကြားပေးလျက်ရှိပြီး ယခုထက် အရေအတွက် ပိုမိုတိုးမြှင့် ခေါ်ယူသွားလိုပါကြောင်း၊ အဆိုပါ မြန်မာကျောင်းသား/သူများနှင့် ဂျပန်နိုင်ငံမှ ကျောင်းသား/ သူများ ဆေးပညာဘွဲ့ရပြီး ဆေးရုံများ၌ လက်တွေ့သင်ကြားမှု ပြုလုပ်ရာတွင် မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆေးရုံများတွင်လည်း တွဲဖက်လာရောက် သင်ကြားလိုပါကြောင်း၊ မိမိတို့ တက္ကသိုလ်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ပြုလုပ်သွားမည်ဖြစ်ပြီး သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှုဆိုင်ရာ သင်တန်း၊ ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရေး သင်တန်းနှင့် PCR နည်းပညာဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ သင်တန်းများ တက်ရောက်ရန်လည်း ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊ ကုသရေးကုထုံးဆိုင်ရာ သုတေသနများနှင့် မျိုးဗီဇဆိုင်ရာ သုတေသနများကိုလည်း ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း၊ ဂျပန်ဘာသာ သင်တန်းကျောင်းနှင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှုဆိုင်ရာ သင်တန်းကျောင်းများကိုလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်သွားလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ မြန်မာနိုင်ငံမှ ဆေးပညာကျောင်းသား/ သူများနှင့် သက်ကြီးရွယ်အို စောင့်ရှောက်မှုဆိုင်ရာ သင်တန်းသား/ သူများအတွက် IUHW ၏ ငွေကြေး အပြည့်အစုံထောက်ပံ့မှုဖြင့် ပညာတော်သင်အစီအစဉ်ဖြင့် သင်ကြားမှုပေးနေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုဆက်လက်၍လည်း IUHW မှ ဆေးပညာသင်တန်းများအတွက် မြန်မာနိုင်ငံမှ ပညာတော်သင်များ ခေါ်ယူမည်ဖြစ်သည့်အတွက် မိမိတို့ မြန်မာနိုင်ငံအတွက် အကျိုးရှိပါကြောင်း၊ ဝန်ကြီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များ၊ ဓာတ်မှန်ကျွမ်းကျင်ပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ ရူပဗေဒကျွမ်းကျင်ပညာရှင်များ၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေး ပညာရှင်များအပါအဝင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ်အထူးပြုသူနာပြုများကိုလည်း ကာလတိုသင်တန်းများ ခေါ်ယူရန် စဉ်းစားပေးမည်ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဂျပန်နိုင်ငံ၏ ဓာတ်ခွဲပညာ၊ ဓာတ်မှန်ပညာအပါအဝင် ဆေးနှင့်ဆေးနှီးနွှယ်ပညာများသည် အဆင့်မြင့်မားပြီး၊ မြန်မာနိုင်ငံတွင် အသုံးပြုသော စက်ပစ္စည်းကိရိယာများသည်လည်း ဂျပန်နိုင်ငံမှ စက်များဖြစ်သဖြင့် ထိုသို့ လက်တွေ့ လေ့ကျင့်သင်ကြားပေးမှုများသည် မိမိတို့ဝန်ကြီးဌာနနှင့် ပြည်သူများအတွက် အကျိုးရှိ စေမည်ဖြစ်ပါကြောင်း။


ရောဂါကူးစက်ဖြစ်ပွားမှုထိန်းချုပ်ရေး သင်တန်းများတွင် ဝန်ကြီးဌာနမှ ပညာရှင်များတက်ရောက်ရန် ဖိတ်ခေါ်မည်မှာ ကောင်းမွန်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သုတေသနရန်ပုံငွေများကို သိသာစွာ တိုးမြှင့်ချထားပေးလျက်ရှိပြီး အသုံးချ သုတေသနများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနနှင့် IUHW တို့ ပူးပေါင်း၍ multicetric research များ၊ ကုထုံးဆိုင်ရာသုတေသနများ၊ ဆေးဝါးနှင့်ပတ်သက်၍ သုတေသနများကို ပိုမိုပူးပေါင်း၍ လုပ်ဆောင်သွားစေလိုပါကြောင်း၊ IUHW မှ ပညာရှင်များအနေဖြင့် ကိုဗစ်-၁၉ ကုသမှု၊ ရောဂါကာကွယ်ထိန်းချုပ်မှု အတွေ့အကြုံများကိုလည်း မိမိတို့ဝန်ကြီးဌာနမှ ပညာရှင်များနှင့် Videoconferencing ဖြင့် တွေ့ဆုံဆွေးနွေး မျှဝေပေးစေလိုပါကြောင်း၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှုဆိုင်ရာ သင်တန်းကျောင်းကို ရန်ကုန်မြို့၌ဖွင့်လှစ်သွားလိုသည့် အစီအစဉ်သည် ကောင်းမွန်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ IUHW မှ ပြုလုပ်ထားသည့် သုတေသနများအနက် ဝန်ကြီးဌာနအတွက် အကျိုးရှိ အသုံးတည့်မည့် ဂျပန်ဘာသာဖြင့် ရေးသားထား သုတေသနစာတမ်းများကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုနိုင်ရန်အတွက် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။


IUHW မှ ဥက္ကဋ္ဌ Dr. Kuninori Takagi က IUHW မှ ပြုလုပ်ထားသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် သုတေသနစာတမ်းများကို ဝန်ကြီးဌာနထံ ပေးမည်ဖြစ်ပါကြောင်း၊ဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် အထူးပြုသင်တန်းများကိုလည်း IUHW တက္ကသိုလ်၏ အထောက်အပံ့ဖြင့် ဖိတ်ခေါ်တက်ရောက်စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဝန်ကြီးဌာနနှင့် International University of Health and Welfare (IUHW) တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 

 

သတင်းစဉ်