ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် 

နေပြည်တော် ၃  ဇန်နဝါရီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ပြုလုပ်သည့် သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွှေးချယ်ရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာနှင့် ပညာရပ်ဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုတို့အတွက် သုတေသနလုပ်ငန်းများသည် အလွန်အရေးကြီးသဖြင့် ဝန်ကြီးဌာနအနေဖြင့် သုတေသနပြုလုပ်သည့် အလေ့အကျင့်ကောင်းနှင့် သုတေသနယဉ်ကျေးမှု ပိုမိုဖြစ်ထွန်းဖွံ့ဖြိုးစေရေးရည်ရွယ်လျက် ပြည်သူ့ ကျန်းမာရေး၊ ကုသရေးနှင့် အားကစားဆိုင်ရာလက်တွေ့ အသုံးချ သုတေသနများနှင့် ကုသရေးဆိုင်ရာ သုတေသနများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဆောင်ရွက်ထားရှိသည့် လက်တွေ့အသုံးချသုတေသနများမှ တွေ့ရှိချက်ရလဒ်များနှင့် အကြံပြုချက်များကို အခြေခံကာ လိုအပ်ပါကလုပ်ငန်းစဉ်များ၊ မဟာဗျူဟာများနှင့် မူဝါဒများကိုမွမ်းမံပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သုတေသနပြုလုပ်သူ တစ်ဦးချင်းစီအတွက်လည်း စဉ်းစားတွေးခေါ်ပုံနှင့် အသိပညာများ ပိုမိုတိုးတက်မြင့်မားလာကာ ပညာရပ်အလိုက် ကျွမ်းကျင်နှံ့စပ်မှု ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း။

လက်တွေ့အသုံးချ သုတေသနများကို (၂၀၁၇-၂၀၁၈) ခု ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်း (၁၀၀၀) ဖြင့် (၂၆၃) ခု၊ (၂၀၁၈) ခု ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်း (၅၀၀) ဖြင့် (၂၁၄) ခု ဆောင်ရွက်ခဲ့ပြီး (၂၀၁၈-၂၀၁၉)ခုဘဏ္ဍာနှစ်တွင် လက်တွေ့ အသုံးချသုတေသနများဆောင်ရွက်ရန် ကျပ်သန်း (၁၅၀၀) ကိုခွင့်ပြုချထားပါကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အကျိုးရှိစေသော၊ သုတေသနပြုလုပ်ရန် ကျိုးကြောင်းဖော်ပြချက် ခိုင်လုံသော၊ သုတေသနတွေ့ရှိချက်များနှင့် ရလဒ်များကိုလက်တွေ့အသုံးချနိုင်သော၊ အမျိုးသားကျန်းမာရေးစီးမံကိန်း၊ ကျန်းမာရေးစီမံကိန်းများနှင့် ဆေးကုသရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေသော သုတေသနများကို ဦးစားပေး ရွေးချယ်ပေးသွားရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံဆေးသုတေသန မှတ်ပုံတင်မှတ်တမ်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး သုတေသနဆောင်ရွက်မှု အားနည်းလျက်ရှိသော အရေးကြီးကဏ္ဍများကို စိစစ်သုံးသပ်ပြီးဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လက်ရှိဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၏ လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှု ဆိုင်ရာကျင့်ဝတ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ခြုံငုံသုံးသပ်မှုများ ပြုလုပ်ကာ အားဖြည့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်) တွင် သုတေသနဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ စတင်ပြုလုပ်လျက်ရှိပြီး နိုင်ငံတကာတက္ကသိုလ်များနှင့်လည်း ချိတ်ဆက်၍ ပညာသင်များစေလွှတ် သင်ကြားလျက်ရှိပါကြောင်း၊ သုတေသနလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ပူးတွဲဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်တို့က အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။

(သတင်းစဉ်)