ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်ခြင်းလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည်  ယနေ့နံနက် ၈ နာရီက RBE ရထားဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့်မြင့် ခြင်းလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

အလုံ၊ ကြည့်မြင်တိုင်၊ သီရိမြိုင်၊ သမိုင်းမြို့သစ်နှင့် အင်းစိန်ဘူတာများတွင် ဆက်သွယ်အဆင့်မြှင့်တင်သည့် လုပ်ငန်းများဆောင်ရွက်မှုများ၊ သက်ဆိုင်ရာဘူတာအလိုက် လုပ်ငန်းခွင်များတွင် ဘူတာရုံ၊ ပလက်ဖောင်းနှင့် သံလမ်းများအဆင့်မြှင့်တင်ဆောင်ရွက် နေသည်များအား လုပ်ငန်းခွင့်အလိုက် ကြည့်ရှု့စစ်ဆေးပြီး ပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မိမိတာဝန်ကျရာအလိုက် ဆောင်ရွက်ကြရာတွင် ကိုယ်ချင်းစာနာစိတ်နှင့် စိတ်ကောင်းစေတနာကောင်းများ ထားရှိလုပ်ဆောင်ကြရန် တိုက်တွန်းအားပေးစကား ပြောကြားသည်။ 

 

ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်လမ်းနှင့် ဘုရင့်နောင်လမ်းရှိ ရထားလမ်းကူး (Level Crossing) တည်ဆောက်မှုလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး မော်တော်ယာဉ်များဖြင့် လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာဘူတာရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရုံးသို့ ဆက်လက်ထွက်ခွာခဲ့သည်။ 

 

ပြည်ထောင်စုဝန်ကြီးမှ လှိုင်သာယာဘူတာသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ချိတ်ဆက်ပေးမည့် ရထားလမ်းကြောင်းတစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ခရီးသွားလာဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဖြစ်သည့်အားလျော်စွာ မိမိတာဝန်ထမ်းဆောင်သည့် ကာလတစ်ခု အတွက်မကြည့်ပဲ ဒေသခံများတစ်သက်တာအကျိုးရှိမည့်လုပ်ငန်း၊ ငွေကြေးသုံးစွဲမှု၊ နည်းပညာစသည်တို့ကို စိတ်ကောင်းစေတနာကောင်းဖြင့် ဆောင်ရွက်သွားကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)