ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ UNHCR ဌာနေကိုယ်စားလှယ် Mr. Johan Cels အား နေပြည်တော်၌တွေ့ဆုံ

နေပြည်တော် ၁၉  စက်တင်ဘာ 


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာနေကိုယ်စားလှယ် Mr. Johan Cels အား စက်တင်ဘာလ (၁၉) ရက်နေ့ ယနေ့ ညနေ(၄) နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် UNDP နှင့် UNHCR တို့မှ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group - TWG ) ကိုယ်စားလှယ်များ ပြည်ဝင်ဗီဇာ အဆင်ပြေစွာရရှိရေးနှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသသို့ ကွင်းဆင်းလေ့လာမှုများအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံ MoU ရေးထိုးဆောင်ရွက်ခဲ့မှုအခြေအနေ၊ နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံရေး လုပ်ငန်းဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်အထိ အောင်မြင်မှုမရရှိသေးသည့် အခြေအနေ၊ နေရပ်စွန့်ခွာသွားသူများအနက် MoU အရမဟုတ်ဘဲ ၎င်းတို့သဘောဆန္ဒအရ ပြန်လည်ဝင်ရောက် လာသူများ အခြေအနေနှင့် ၎င်းတို့အား ပြန်လည်နေရာချထားပေးမှုအခြေအနေ၊ မိမိတို့ဘက်မှ ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေသော်လည်း တစ်ဘက်နိုင်ငံဘက်မှ လုပ်ငန်းစီစဉ်ပေးရန် ပျက်ကွက်ခဲ့မှုအခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ IDP စခန်းများမှ ဟိန္ဒူဘာသာဝင် (၄၄၄) ဦး ပြန်လာရန်ရှိသော်လည်း ခက်ခဲကြန့်ကြာနေမှုနှင့် ၎င်းတို့အနက် အချို့မှာ မြန်မာနိုင်ငံသား အသိအမှတ်ပြု ကတ်ပြားတစ်မျိုးမျိုးရရှိပြီးသူများဖြစ်၍ အမြန်ဆုံးပြန်လာနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေမှု၊ ပြန်လည်ဝင်ရောက်လာသူများ အတွက်လုံခြုံစိတ်ချရသည့်နေရာတွင် ပြန်လည် နေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု ၊ ပြန်လည်ဝင်ရောက်လာသူများ ရေရှည်ရပ်တည် နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်သည် နှစ်နိုင်ငံအစိုးရအချင်းချင်း MoU သဘောတူညီချက်များနှင့်အညီ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံပူးတွဲအကောင်အထည်ဖော်ရေးအဖွဲ့ (JWG) အချင်းချင်း မကြာခဏထိတွေ့၍ အစည်းအဝေးများကျင်းပကာ လုပ်ငန်းအခက်အခဲများ၊ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြန်လည် လက်ခံရေးလုပ်ငန်း အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍  UNHCR မှ ညှိနှိုင်း ပူးပေါင်းပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)