ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၉  ဇူလိုင်

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည်  ယနေ့မွန်းလွဲ (၃) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) သို့ရောက်ရှိပြီး လေဆိပ်အတွင်း ပြည်ပထွက်ခွာဆောင်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ သတင်းပို့နေရာနှင့် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေး ကောင်တာများ၊ ခရီးသည် ဝင်/ထွက်မှု လမ်းကြောင်းအခြေအနေနှင့် မြန်မာ့အမှတ်တရပစ္စည်း အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ပထွက်ခွာဆောင်ရှိ Sky Lounge ခန်းမ၌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လေကြောင်းရဲတပ်ဖွဲ့ (ရန်ကုန်)၊ ရန်ကုန်လေဆိပ် ရှေ့ဆောင် ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများအား တွေ့ဆုံရာ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများက Terminal(1) တွင် လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ တွေ့ကြုံရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား နိုင်ငံတကာ လေဆိပ်များ၏ စံချိန်စံညွှန်းအတိုင်း ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အဆင့်မြှင့်တင် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်ငန်းများ မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပေါင်းစပ်ကာ ဖြေလျော့ဆောင်ရွက်ပေးရန် လိုကြောင်း၊ သို့မှသာ ခရီးသွားများ စိတ်ချမ်းမြေ့စွာဖြင့် အဆင်ပြေ မြန်ဆန်ချော့မွေ့စွာ ဝင်/ထွက် သွားလာနိုင်မည်ဖြစ်ပါကြောင်း ဖြင့်ပြောကြားကာ လုပ်ငန်းဆိုင်ရာအခက်အခဲများကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Terminal (1) ရှိ Command Contact Center နှင့် Myanmar Advance Passenger Processing System (MAPPS) Data Center သို့လည်းကောင်း၊ ပြည်ပဆိုက်ရောက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ သတင်းပို့နေရာနှင့် ဆိုက်ရောက်ဗီဇာ (VOA) ကောင်တာသို့လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေး ကောင်တာများကို လည်းကောင်း လှည့်လည်ကြည့်ရှု့စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Terminal(2) တွင် လေဆိပ်ဆိုင်ရာ အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းဆိုင်ရာ ဝင်/ထွက်မှုများအား ဇူလိုင် (၂၇) ရက်မှစ၍ နေ့စဉ် ဝင်/ထွက် နေသည့် ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်း (၂၆) လိုင်း၏ ခရီးစဉ်ပေါင်း (၆၃) ကြောင်းအား Terminal (1) တစ်ခုတည်း၌ လုပ်ငန်းများ ရွှေ့ပြောင်းဆောင်ရွက်လျှက်ရှိကြောင်းနှင့် ယင်းလေဆိပ်အား နိုင်ငံတကာလေဆိပ်များ၏ စံချိန်စံညွှန််းအတိုင်း ခရီးသည်များအား ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)