ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပုသိမ်မြို့ပေါ် (၁၅)ရပ်ကွက်မှ ပြည်သူများကို သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ပုသိမ်မြို့ပေါ် ၁၅ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများကို သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါပေးအပ်ပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနက် အချို့သော ပြည်သူများသည် အကြောင်းအမျိုးမျိုးကြောင့် နေရာအတည်တကျမနေဘဲ အခြားဒေသများကို ပြောင်းရွှေ့နေထိုင်ကြပြီး ရောက်ရှိနေထိုင်ရာဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်း မရှိသည့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ယင်းအခက် အခဲများပြေလည်စေရန် ယခင်အိမ်ထောင်စုစာရင်း လျှောက်ထားဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖြေလျော့ပြီး ကာယကံရှင်များကို မူလနေထိုင်ရာဒေသသို့ ပြန်လည်စေလွှတ်ခြင်းမပြုဘဲ သက်ဆိုင်ရာ မြို့နယ်ရုံးအချင်းချင်းချိတ်ဆက်၍ သတ်မှတ်ချက်နှင့်အညီ စိစစ်မှန်ကန်ပါက ရောက်ရှိရာဒေသ၌ပင် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်ကို  ၂၀၁၆ ခုနှစ် မေ ၁ ရက်မှစ၍ အဆင်ပြေအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

ယခုလည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ် (၁၅)ရပ်ကွက်၌ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို မြို့ပေါ်ရပ်ကွက်များတွင်  သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် လူတစ်ဦးတစ်ယောက် အတွက် မရှိမဖြစ်လိုအပ်သည့် ကတ်ပြားဖြစ်ပြီး ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပေးရပါကြောင်း၊ ဘိုးဘွားစဉ်ဆက် မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး သက်ဆိုင်ရာရုံးများ၌သာ ကိုယ်တိုင်သွားရောက် လျှောက်ထားဖြည့်သွင်း ဆောင်ရွက်ရသည့် လုပ်ငန်းလည်းဖြစ်ပါကြောင်း၊ သို့သော်လည်း တစ်ချို့ပြည်သူများသည် အကြောင်းအမျိုးမျိုးကြောင့် လာရောက်လျှောက်ထားရယူနိုင်ခြင်း မရှိသည့်အတွက် မိမိတို့ ဌာနဝန်ထမ်းများသည် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည့် အတွက် ပြည်သူများ အချိန်ကုန်၊ ငွေကုန် သက်သာစွာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရရှိကိုင်ဆောင်နိုင်ကြပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးမှုကြောင့် အလွယ်တကူရရှိကြသော်လည်း ပြည်သူများအနေဖြင့် တန်ဖိုးထားကိုင်တွယ်ထိန်းသိမ်းကြရန် မှာကြားလိုပါကြောင်း။

 

မကြာခင်ကာလတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို နိုင်ငံတကာအဆင့်မီ Smart Card အဖြစ် ပြောင်းလဲထုတ်ပေးနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းလုပ်ငန်းသည် ကြီးမားကျယ်ပြန့်သည့်အတွက် အဖက်ဖက်က စနစ်တကျ လေ့လာသုံးသပ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က တိုင်းဒေသကြီး အတွင်း ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှု၊ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုနှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ပုသိမ်မြို့ပေါ်ရပ်ကွက် (၁၅)ရပ်ကွက်မှ ရပ်ကွက်ကိုယ်စားလှယ်များထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ကြသည်။

 

ယင်းနောက် ပုသိမ်မြို့ပေါ် ရပ်ကွက်(၁၅)ရပ်ကွက်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းအတွက် ရပ်ကွက်နေပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း သစ္စာစီမံချက်ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ် ၁၅ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ အသက်(၁၀)နှစ်ပြည့်ပြီးသူ (၅၄၀၂၅)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၂၀၃၈၂)ဦး၊ လဲလှယ်သူ (၈၁၆၂)ဦးနှင့် ပျောက်/ပျက်၊ မိတ္တူ လျှောက်ထားသူ(၁၈၃၃၄)ဦး စုစု ပေါင်း(၁၀၀၉၀၃)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပြီး ယခုအခမ်းအနားတွင် ပုသိမ်မြို့ပေါ်(၁၅)ရပ်ကွက်မှ ဒေသခံပြည်သူ (၂၇၇၆)ဦး၊ ကျေးရွာနှင့် ကျောင်းများမှ (၂၄၁၈)ဦး စုစုပေါင်း (၅၁၉၄)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)