ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မန္တလေးမြို့ အလုပ်သမားဆေးရုံကြီးအား လှည့်လည်ကြည့်ရှု

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့မွန်းလွဲ ၂ နာရီတွင် မန္တလေးမြို့ အလုပ်သမားဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများဖြင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ဆေးရုံအုပ်ကြီး မှ ဝန်ထမ်းအင်အားဖွဲ့စည်းပုံ၊ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှု အခြေအနေများနှင့် ဆေးရုံကြီးလုပ်ငန်းဆောင်ရွက်မှုများ၊ ဘဏ္ဍာငွေရရှိမှုနှင့် အဆောက်အဦပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ဆေးကုသမှုနှင့် ဆေးဝါးရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ညွှန်ကြားရေးမှူးချုပ်မှ လူမှုဖူလုံရေးအဖွဲ့၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အခြေအနေများ၊ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ၊ ဆေးခန်းများ၏ ဆေးကုသပေးနိုင်မှု အခြေအနေများ၊ ဆေးဖိုးပြန်လည်ပေးအမ်းမှု အခြေအနေ၊ ဘဏ္ဍာနှစ်အလိုက် ဆေးရုံပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများနှင့် ဆေးပစ္စည်းကိရိယာများ ဖြည့်တင်းပေးနိုင်မှု အခြေအနေ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆေးပစ္စည်းကိရိယာများ ဖြည့်တင်းပေးမည့် အခြေအနေနှင့် ဆောင်ရွက်ပေးမည့် ဆေးရုံပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုအကာအကွယ်ပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များကို အလုပ်သမားများရရှိခံစားနိုင်စေရန် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ အဓိကလုပ်ငန်းတာဝန်များတွင် ဆေးကုသမှု ဝန်ဆောင်မှုပေးခြင်းသည် အဓိကကျပါကြောင်း၊ ထိရောက်သော ဆေးကုသမှုများ၊ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုအခါတွင် ဆေးကုသမှု ဝန်ဆောင်မှုကို ဆောင်ရွက်ပေးရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဆေးရုံ(၃) ရုံ၊ ဆေးခန်း(၉၆)ခန်း၊ ဌာနကြီး ဆေးခန်း (၅၅)ခန်း၊ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း (၄) ခန်း၊ ရွေ့လျားဆေးကုသယာဉ် (MMU) (၁) စီး တို့ဖြင့် ဆေးကုသမှုပေးလျက် ရှိပါကြောင်း ၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လက်ရှိဆေးကုသမှုလုပ်ငန်းများအပြင် ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုဝယ်ယူသူကြား ခွဲခြားသည့်စနစ် Provider Purchaser Split (PPS) စနစ်ဖြင့်  အာမခံအလုပ်သမားများအား ပြင်ပလူနာ ဆေးကုသဝန်ဆောင်မှုကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံ၊ ဆေးခန်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ထိုသို့ပြောင်းလဲရာတွင် ဝန်ထမ်းများအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင် မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းများနှင့်အညီ လုပ်ငန်းများကို အကောင် အထည်ဖော်ရာတွင်  စနစ်တကျကြိုးပမ်းအားထုတ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ သည် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရသည့် ဌာနဖြစ်သည့်အတွက် ဝန်ဆောင်မှုကောင်းမွန်ရေးနှင့် ဆက်ဆံရေး ကောင်းမွန်ရန် အရေးကြီးပါကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် အာမခံအလုပ်သမားများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)