ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mr. Daniel Chugg အား လက်ခံတွေ့ဆုံ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး Mr. Daniel Patrick Chugg အား ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အလုပ်သမားရေးရာဆိုင်ရာ ကဏ္ဍတွင် ၂၀၁၉ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်မည့် ပြည်တွင်း အလုပ်သမားရေးရာ အနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် ပြင်ဆင်ရေးဆွဲရန်နှင့် အသစ်ရေးဆွဲ ပြဌာန်းရန်အတွက်လွှတ်တော်သို့ တင်ပြထားသော ဥပဒေများ အမြန်ဆုံး အတည်ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ILO, IOM အကူအညီဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကဏ္ဍ အနေဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ဒေသ တစ်ခုကို နမူနာရွေးချယ်၍ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ်များ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့်သူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် ကိုဖီအာနန်၏ အစီရင်ခံစာပါ အချက်များအတိုင်း ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် မိမိတို့ ဝန်ကြီးဌာနနှင့် UNDP,UNHCR တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအတွင်း NV ကတ်ထုတ်ပေးမှုနှင့် ရခိုင်ပြည်နယ်အတွင်း NV ကတ်ထုတ်ပေးမှုအခြေအနေများ၊ NV ကတ်ကိုင်ဆောင်သူ၏ ရရှိခံစားနိုင်သည့် အကျိုးကျေးဇူးများနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ NV ကတ်ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ဒေသခံများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေးအတွက် ဘူးသီးတောင်၊ မောင်တောဒေသတွင် မြန်မာ၊ ရခိုင်၊ ဘင်္ဂလီ (၃)ဘာသာဖြင့်  မေယု FM  ရေဒီယိုမှ ထုတ်လွှင့်နေမှုနှင့် တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေး ချပြနေမှု အခြေအနေများ၊ ဘူးသီးတောင်၊ မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)