ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဗြိတိန်နိုင်ငံ Foreign, Commonwealth and Development Office (FCDO) ၏ Minister of State for Pacific and the Environment ဖြစ်သူ The Rt. Hon Lord Goldsmith အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၂ စက်တင်ဘာ 


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဗြိတိန်နိုင်ငံ Foreign, Commonwealth and Development Office (FCDO) ၏ Minister of State for Pacific and the Environment ဖြစ်သူ The Rt. Hon Lord Goldsmith နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး Mr. Dan Chugg တို့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက UK aid အစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံအား အကူအညီများ ပေးအပ်နေခြင်းအတွက် အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု ကဏ္ဍတို့တွင် အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများကို ကုစားနိုင်ရေးအတွက် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက် (CERP) ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ကပ်ရောဂါ အလွန်ကာလတွင် ပြည်သူများ၏ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရာ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ ရေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသည်။


ထို့နောက် The Rt. Hon Lord Goldsmith က နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင်နှင့် စပ်လျဉ်း၍ သစ်တောများ ထိန်းသိမ်းရေးနှင့် သစ်တောပြုန်းတီးမှု ကာကွယ်ရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၌ ဗြိတိန်နိုင်ငံမှ လုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းကောင်းများနှင့် ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ကြုံတွေ့ရလျက်ရှိသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ဗြိတိန်နိုင်ငံမှ ဆက်လက် အကူအညီပေးအပ်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ 
ထိုသို့တွေ့ဆုံရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဗရတ်ဆင်းနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်