ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကော်မတီ ဝန်ကြီးအဆင့် ပဉ္စမအကြိမ် အစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

နေပြည်တော် ဇူလိုင်  ၂၈

 

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ အဘူဒါဘီမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၅ ရက်တွင် Ground Mounted Solar တပ်ဆင် အင်အား (၁၀) မဂ္ဂါဝပ်နှင့် Roof Top Solar (၁) မဂ္ဂါဝပ် တပ်ဆင်ထားရှိသော Masdar City Project တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက် လေ့လာကြသည်။

 

Masdar City Project စီမံကိန်းရုံးသို့ရောက်ရှိစဉ် စီမံကိန်းတာဝန်ရှိသူများက ရှင်းလင်းဆောင်တွင် စီမံကိန်း ဆောင်ရွက်ရသည့် ရည်ရွက်ချက်နှင့် ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်လင်းပြောကြားကြပြီး စီမံကိန်း ဆောင်ရွက်ထားရှိမှုများကို ပြသသည်။

 

Masdar City သည် ပိုမိုစိမ်းလန်းပြီး ရေရှည်တည်တံ့သော မြို့ပြလူနေမှုဘဝကို သိရှိနားလည်ရန်၊ ဆန်းသစ်တီထွင်မှုများကို ဦးဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သုတေသနဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် တို့အတွက် အဓိက ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ လျင်မြန်စွာဖွံ့ဖြိုးလာသည့် သန့်ရှင်းသော နည်းပညာများ ပေါင်းစပ်မှု၊ စီးပွားရေးကင်းမဲ့ဇုန် စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ပြည်သူများအတွက် စိမ်းလန်းသော နေရာများပါရှိသည့် မြို့တော်၏ စံပြလူနေရပ်ကွက်တစ်ခုကို တည်ဆောက်နေသော စီမံကိန်းဖြစ်ပြီး ပထမဆုံး စူးစမ်းလေ့လာချက်အဖြစ် အဆောက်အဦများ၏ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စွမ်းအင်သုံး စွဲမှုကို လျှော့ချရန်အတွက် စွမ်းအင်သုံးစွဲမှုပုံစံ ပြောင်းလဲခြင်းနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထား ကြောင်း၊ Masdar City စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ၂၀၂၃-ခုနှစ် နှစ်ကုန်ပိုင်း တွင်ကျင်းပမည့် Parties of Conference-28 (COP-28)  ကိုအိမ်ရှင်အဖြစ်လက်ခံ ကျင်းပရန် အခွင့်အလမ်း ရရှိခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၂ ရက်တွင် အာရှနှင့်ပစိဖိတ်ဆိုင်ရာ ကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ် အစည်းအဝေး ဒုတိယနေ့နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်သည်။

 

အစည်းအဝေး ပထမပိုင်းတွင် ISA Programmes and Green Grid Initiative - One Sun One World One Grid-GGI-OSOWOG) နေတစ်စင်း၊ ကမ္ဘာတစ်ခု ဓာတ်အားကွန်ရက်တစ်ခုအတွက် အစိမ်းရောင် ဓာတ်အားလိုင်းမိတ်ဆက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး မြန်မာနိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင် ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ထားရှိမှုများ၊ နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းများ ဆောင်ရွက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဆောင်ရွက်နေမှုများ၊ ASEAN ၊ BEMSTEC အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ပူးပေါင်းဆောင်ရွက် မှုများကို ဆွေးနွေးခဲ့သည်။

အစည်းအဝေး ဒုတိယအပိုင်းတွင် Solar Storage ခေါင်းစဉ်ဖြင့်ဆွေးနွေးကြပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသ ( Middle East and North Africa-MENA) တွင် သုတေသနပြုလုပ်ထားသည့်  ၂၀၃၀ ပြည့်နှစ်အထိ Energy Storage System (ESS) လိုအပ် ချက်နှင့် စီမံဆောင်ရွက်ထားရှိမှုများ ၊ Long Duration Energy Storage ကိုအသုံးပြု၍ ပြန်ပြည့်မြဲစွမ်းအင်မှဓာတ်အားဖြန့်ဖြူးနိုင်သည့် လေ့လာ ချက်များ၊ Pump Storage Hydropower အသုံးပြုခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ကာဗွန်အသား တင်ထုတ်လွှတ်မှုမျှခြေရှိစေရေး ရည်မှန်းချက်အောင်မြင်ရန် လမ်းပြမြေပုံတို့ကို ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေရောင်ခြည်စွမ်းအင်သုံး မြင်းကောင်ရေ (၁)ကောင်မှ (၁၀၀)အင်အားရှိ (1 HP မှ 100 HP) Solar Pumps များ ခင်းကျင်းပြသမှုကို လေ့လာကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင် ၂၇ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ၊ အဘူဒါဘီမြို့မှ ပြန်လည်ထွက်ခွာကြရာ ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)