ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ပင်မဓာတ်အားခွဲရုံများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် သြဂုတ် ၁၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံများမှ  နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ကေဗွီ နေပြည်တော်-၂ ပင်မဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ခွဲရုံများသို့ရောက်ရှိစဉ် တာဝန်ရှိသူများက ခွဲရုံနှင့်ပတ်သက်သော အချက်အလက်များ၊ လျှပ်စစ်ဓာတ်အားသယ်ဆောင်နိုင်မှု၊ ဓာတ်အားထုတ်လုပ်သောစက်ရုံများမှဓာတ်အား ဝင်ရောက်မှု နှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် အဓိကကျသည့် ခွဲရုံဖြစ်သည့်အားလျော်စွာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေးဦးစားပေး ဆောင်ရွက်ရန်၊ ခွဲရုံ၏ ဓာတ်အားဖြန့်ဝေမှု/လက်ခံမှုအခြေအနေကို အချိန်နှင့် တစ်ပြေးညီသိရှိစေရေး တည်ဆောက်ထားရှိသော သတင်းပို့စနစ်ကို အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နေသည့် ပင်မဓာတ်အားခွဲရုံများဖြစ်သဖြင့် တည်ငြိမ်ပြီး ဗို့အား ပြည့်ဝစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊  ဓာတ်အားပြတ်တောက်မှုနှင့် Line Losses လျော့နည်း ကျဆင်းရေး၊ ခွဲရုံကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်းစစ်ဆေးဆောင် ရွက်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားခွဲရုံအတွင်းရှိ ထရန်စဖော်မာများ၊ Switchgear နှင့် အခြားခွဲရုံသုံးပစ္စည်းများကို စဉ်ဆက်မပြတ် ထိန်းသိမ်းစစ်ဆေးဆောင်ရွက်ရေး တို့ကိုမှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားထိန်းချုပ်ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်